ဝါရှင်တန်၊ စက်တင်ဘာ ၃၀

 

ဘိုးအင်းစတားလိုင်နာ အာကာသယာဉ်သည် ဘေးကင်းလုံခြုံမှု သံသယအခြေအနေတွင် ရှိသည့်အတွက် အာကာသယာဉ်မှူးများ မပါဘဲ ယခုလအစောပိုင်းတွင် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်လာပြီးနောက် ယခုအခါ နိုင်ငံတကာ အာကာသစခန်းတွင် ကျန်ရှိနေသည့် အဆိုပါအာကာသယာဉ်မှူးများကို  ပြန်လည်ခေါ်ဆောင်ရန် အာကာသယာဉ်တစ်စင်းကို  လွှတ်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်ပုဂ္ဂလိကကုမ္ပဏီ SpaceX ၏ Crew Dragon အာကာသယာဉ်ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ စနေနေ့တွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်သည် မူလစီစဉ်ထားသည့် အမှုထမ်းလေးဦးအစား နှစ်ဦးကို နိုင်ငံတကာ အာကာသစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ယင်းမှာ ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်ရန် စတားလိုင်နာ အာကာသယာဉ်မှူးများ အတွက် နေရာလွတ်ချန်ထားခြင်း ဖြစ်သည်။

 

စတားလိုင်နာ အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူး နှစ်ဦးနှင့်အတူ ဇွန်လတွင် လွှတ်တင်ခဲ့သည်။ သို့သော်လည်း နည်းပညာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အာကာသယာဉ်မှူး နှစ်ဦးကို နိုင်ငံတကာ အာကာသစခန်းတွင် ကျန်ရှိစေခဲ့သည်။ Crew Dragon အာကာသယာဉ်မှူးများသည် နိုင်ငံတကာ အာကာစခန်းသို့ ရောက်ရှိပြီးနောက် တွင် စတားလိုင်နာ အာကာသယာဉ်မှူးများနှင့် ပူးပေါင်းကာ သိပ္ပံနည်းကျ သုတေသနနှင့်  အခြားသော လုပ်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

 

အာကာသယာဉ်မှူး လေးဦးစလုံးသည် လာမည့်ဖေဖော်ဝါရီလတွင် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်ရန် စီစဉ်ထားသည်။ စတားလိုင်နာ၏ နည်းပညာ ချွတ်ယွင်းမှုနှင့် ပတ်သက်ပြီး ဆန်းစစ်မှုများ ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း၊ သို့သော်လည်း နိုင်ငံတကာအာကာသ စခန်းနှင့် ကမ္ဘာမြေသို့ သွားလာနေသည့် အာကာသယာဉ်မှူးများ အတွက် လက်တွေ့အသုံးပြုရန် အလားအလာအနည်းငယ်သာရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ