ဝါရှင်တန် ဖေဖော်ဝါရီ ၄
X လူမှုမီဒီယာပလက်ဖောင်းကို လည်ပတ်လုပ်ကိုင်လျက်ရှိသော ဉာဏ်ရည်တုကုမ္ပဏီ xAI ကို ရယူအသုံးပြုသွားမည်ဖြစ်ကြောင်း SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မာ့ခ်က ပြောကြားလိုက်သည်။ အဆိုပါလုပ်ဆောင်မှုသည် အာကာသအတွင်း ဒေတာစင်တာများ တည်ဆောက်မည့်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးကို မာ့ခ်က ဦးဆောင်လျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ AI ဝန်ဆောင်မှုများအတွက် လိုအပ်သော ကြီးမားသည့်လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို ကမ္ဘာကြီးတစ်ခုတည်းက ရေရှည်ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ကြောင်း မာ့ခ်က ဖေဖော်ဝါရီ ၂ ရက်က ပြောကြားလိုက်သည်။
အာကာသသည် အနာဂတ် AI စနစ်များအတွက် နေစွမ်းအင်ကို စွမ်းအင်ပတ်လမ်းဆိုင်ရာ ဒေတာစင်တာများသို့ ပို့ဆောင်ရာတွင် အခွင့်အလမ်းကောင်းများဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေတာစင်တာများအတွက် ဂြိုဟ်တုများလွှတ်တင်ရာတွင် ကိုယ်ပိုင်ဒုံးပျံများကို အသုံးပြုသွားမည်ဖြစ်ကြောင်း SpaceX ကပြောသည်။
အဆိုပါအစီအစဉ်ကို ယခုနှစ်ကုန်တွင် လူထုထံသို့ အသိပေးသွားရန် SpaceX က စီစဉ်ထားကြောင်းနှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ထရီလီယံရှိမည်ဟု အမေရိကန်မီဒီယာဖြစ်သည့် ဘလွန်းဘာ့ဂျ်က ဖော်ပြထားသည်။ ထို့အတူ EV ကားထုတ်လုပ်ရေးကုမ္ပဏီ တက်စ်လာနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးတိုင်ပင်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


