ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားကွင်းသို့ သွားရောက်၍ ၂၀၂၂ ခုနှစ် တိုင်းနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသမီး ဘောလုံး အသင်းနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံ သက်လုံသင်တန်းကျောင်းမှ ဘောလုံးအသင်းတို့ ခြေစမ်းပွဲကန်နေမှုကို ကြည့်ရှုအားပေးပြီး အလှူငွေများနှင့် လေ့ကျင့်ရေး ဝတ်စုံများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဒေသာအားကစားကွင်း မိုးလုံလေလုံ အားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝင်/ထွက်လမ်းများ ပြုပြင်ဖောက်လုပ်ရေး၊ အားကစားရုံ ကြမ်းခင်းများ ပြုပြင်ရေး၊ အများပြည်သူ နေရာများ၌ အားကစားကိရိယာများ တပ်ဆင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော် နောက်လမ်း (ဇင်ဇီယာလမ်း) သို့ သွားရောက်၍ လမ်းတစ်လျှောက် အမှိုက်များ၊ ကွန်ကရိတုံးများနှင့် ကျောက်တုံးများကို စက်ယန္တရားများဖြင့် ဖယ်ရှားကာ ပြန်လည်ပြုပြင်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရိခင်းကျင်းရန်၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ ရှင်းလင်း အလင်းဖွင့်ရန်နှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားနှင့် ဟံသာဝတီအဝိုင်းအကြား ပြည်လမ်းတစ်လျှောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဆောင်ရွက်နေသည့် အလျား ပေ ၃၅၀၀၊ အနံ ၇၂ ပေ၊ ထု ၂ လက်မ ကတ္တရာကွန်ကရိ (AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းဘေးလူသွားစင်္ကြံများ ကောင်းမွန်စေရေးနှင့် Road Marking ယာဉ်ကြောပြမျဉ်း ရေးဆွဲရေးတို့အတွက် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


