မိုးကေနိုင်

 

အားကစားကဏ္ဍ အောင်မြင်မှုက နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့ တိုးတက်လာသည့် ခေတ်ကြီးတွင်  အားကစားကဏ္ဍနှင့် ကျန်းမာရေးဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို လူအများက ယခင်ထက်စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။

 

နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်ကို ပိုင်ဆိုင်ထားမှသာ ထိုနိုင်ငံကြီး အားကောင်းလာမည်ဖြစ်သည်၊၊ “အား” ဆိုသည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် စိတ်ပိုင်းဆိုင်ရာ အင်အားကိုဆိုလိုပြီး ထိုအားနှစ်ခုက လူ့စွမ်းအား၏ အဓိကအရင်းအမြစ်ဖြစ်သည့်အတွက် တစ်ခုခုချို့ယွင်း နေရုံမျှဖြင့် တိုင်းပြည် လူ့အဖွဲ့အစည်း ဆုတ်ယုတ်သွားမည်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

 

ရုပ်ပိုင်း စိတ်ပိုင်းဖွံ့ဖြိုးမှုဟူသည် ရေရှည်အတွက် စဉ်းစားရမည့်အရာ

 ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု physical fitness နှင့် good mentality စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဟူသည် ရုပ်ရောစိတ်ပါ တစ်ပြိုင်နက်တည်း ကျန်းမာနေမှ ဖြစ်နိုင်မည်၊ တစ်ခုနှင့်တစ်ခုလည်း အပြန်အလှန် အမှီသဟဲပြု၊ အထောက်အကူ ဖြစ်နေမှသာ ရေရှည်အားကောင်းမှုကို ပေးစွမ်းပါသည်။ ထိုအနေအထားအထိ ဖြစ်လာနိုင်ရန်က အားကစားကဏ္ဍမှလွဲ၍ အခြားရှိပါ့မလား။ ထို့ကြောင့်လည်း နိုင်ငံအနေဖြင့် ယခုလိုအခြေအနေမျိုးတွင် အမျိုးသားအဆင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ စသည်ဖြင့် ဦးစားပေးလုပ်ရမည့် ကိစ္စရပ်များစွာဖြင့် အခက်အခဲများစွာ ရုန်းကန်ရသည့် အနေအထားများကြားမှ အားကစားကဏ္ဍတွင်လည်း လစ်ဟင်း မှုမရှိ၊ မျက်ခြည်မပြတ် အာရုံစိုက် တွန်းအားပေး နေခြင်းဖြစ်မည်ဟု ယူဆပါသည်။ Hard power နှင့် Soft power ကို ဟန်ချက်ညီညီအသုံးချ၍ ရေရှည်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီ ရှေးရှုနေမှန်း သိသာနိုင်သည်။

 

mdn

 

ယခုအချိန်သည် နိုင်ငံသားများ၏ ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းက အလွန်ကို အားနည်းချည့်နဲ့သည့် အနေအထား၊ အထူးသဖြင့် စိတ်ဓာတ်ပိုင်းက ပို၍အားနည်းလှသည်ကို တွေ့ရသည်။ စိတ်ဓာတ်ပိုင်းအားနည်းခြင်းက အရာရာအောင်မြင်မှုနှင့် အလှမ်းဝေးသွားစေသည်။ နိုင်ငံတိုးတက်ရန်အတွက်လည်း အထောက်အကူ မဖြစ်ဟု... စဉ်းစားသည့်နေရာတွင် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စဉ်းစားပေးခြင်းလည်းပါသည်။ အနာဂတ်မျိုးဆက် အဆက်ဆက်အတွက်ဆိုပါတော့၊ ယခုပစ္စုပ္ပန်အတွက် အရေးကြီးသလို အနာဂတ်အတွက်လည်း မစဉ်းစားလို့မရ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအမြင်ကိုပါ ထည့်သွင်းစဉ်းစားလိုက်လျှင် ပို၍တောင် အရေးကြီးသွားမည်ဖြစ်သည်။ ထိုသို့ စဉ်းစားပြီးမှ နိုင်ငံနှင့် နိုင်ငံသားများအတွက် ရေရှည်တည်တံ့ မြဲမြံသည့် ဘက်စုံတိုးတက်ဖွံ့ဖြိုးရန်အတွက် အားကစားကဏ္ဍသည် မရှိမဖြစ် အရေးပါသည့် Issue တစ်ခုအဖြစ် ရပ်တည်လာခြင်းဖြစ်သည်။

 

အားကစားနှင့် ကျန်းမာရေးဆက်စပ်သိမြင်နိုင်စွမ်းသည်အရေးကြီး

ထို့ကြောင့် ကျွန်တော်တို့ နိုင်ငံသားများအားလုံး အားကစားနည်း တစ်မျိုးမဟုတ်တစ်မျိုးတွင် ပါဝင် ကစားကြရန် သင့်ပါသည်။ ကစားရန်၊ ကစားနိုင်ရန် အခွင့်အလမ်းတော့ ဖန်တီးကြရမည်။ ကိုယ်ကျန်းမာရန်၊ ကိုယ့်ကိုယ်ကိုယ်လည်းဖန်တီး၊ သူများကစားနိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးကြရမည်။ ဦးစွာ အားကစားကို စိတ်ဝင်စားလာရန်က ပထမဦးစားပေး ဖြစ်သလို မိမိကျန်းမာရေးအတွက် သက်ရှည် ကျန်းမာပြီး ဘဝတွင်အဓိပ္ပာယ်ရှိရှိဖြင့် လူတန်းစေ့ နေနိုင်ရေးအတွက် အားကစားတစ်ခုခုကို အမြဲမပြတ်လုပ်နေရန် လိုနေပါလားဟူ၍... အတွေးမှ အကျင့်ဖြစ်လာရန်၊ ကျန်းမာရေးနှင့် အားကစား ဆက်စပ်သိမြင်နိုင်စွမ်းကို မွေးမြူ ပေးနိုင်ရန်က ပထမဦးဆုံး ခံယူထားရမည့် ခံယူချက်ဖြစ်သည်။ သို့မှသာ အားကစားကြောင့် တစ်ဦးချင်း ကျန်းမာသန်စွမ်းမှုမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ထိုမှတစ်ဆင့် နိုင်ငံအဆင့်အားကစားဖွံ့ဖြိုးမှု၊ ထိုမှတစ်ဆင့် နိုင်ငံ တော် တိုးတက်ဖွံ့ဖြိုးမှုဆီသို့ ကျွဲကူးရေပါ လိုက်ပါ သွားမည်ဖြစ်သည်။

 

အားကစားနည်းတစ်မျိုးမျိုးကို လူတစ်စုတစ်ဖွဲ့ကသာ စိတ်ဝင်စားပြီး ယှဉ်ပြိုင်သည်ထက် အားကစားနည်း ပေါင်းစုံကို အုံလိုက်ကျင်းလိုက် လူအများပါဝင်ကစားလာကြပြီဆိုလျှင် လူတစ်ဦးချင်း ကျန်းမာရေးမှာရော နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ရွေးချယ်ရာအထိပါ သက်ရောက်မှုရှိသလို တော်ပြီးထက်မြက်သည့် လူတော် လူကောင်း၊ နိုင်ငံသားကောင်းများ ထွက်ပေါ်လာ သည်အထိလည်း များစွာအထောက်အကူပြု ပါသည်။

 

ထို့ကြောင့် ကစားနိုင်သမျှ အားကစားနည်း ပေါင်းစုံကို အထူးသဖြင့် လူငယ်များ ကလေးဘဝ အရွယ်ကတည်းက စိတ်ဝင်စားလာအောင် ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိရပါမည်။ အားကစားနည်းတစ်ခုခုမှာ စိတ်ဝင်စားစရာ ကောင်းခြင်း၊ ပျော်စရာကောင်းခြင်းတို့က ထိုအားကစားနည်းကို တိုးတက်စေသည်ဟုဆိုရာတွင် ထိုအားကစားနည်းက ကစားသူ၏ ကိုယ်စိတ်ကျန်းမာရေးကိုပါ ကြီးမားစွာ အကျိုးကျေးဇူးပြုနေကြောင်းကို ထည့်သွင်းစဉ်းစား ရန်လိုပါသည်။ တချို့က လူ့ဘဝတွင် အရေးကြီးဆုံးအဖြစ် ပိုက်ဆံ၊ ရာထူး၊ စည်းစိမ်၊ ဂုဏ်ပကာသနကို တန်ဖိုးထားကြသည်။

 

ထိုအရာများအပြင် ကျန်းမာကြံ့ခိုင်ခြင်းက ပိုအရေးကြီးကြောင်း အသိအမှတ်ပြုသူများ ယနေ့ခေတ်တွင် များပြားလာသည်။ ထို့ကြောင့် ကမ္ဘာ့လူသားများသည် အားကစားနည်း တစ်ခုမဟုတ် တစ်ခုကို လေ့ကျင့်ကြ၊ ကစားလာကြခြင်းဖြစ်သည်။ လူသားများ ကျန်းမာကြံ့ခိုင်ရန်၊ အားကစားလေ့ကျင့် ခန်းတွေလုပ်နိုင်ရန် မိမိမြို့ရွာ အားကစားမှသည် နိုင်ငံအဆင့်၊ ဒေသအဆင့် အိုလံပစ်ကဲ့သို့ ကမ္ဘာ့အဆင့်အထိ ပြိုင်ပွဲများစွာ ကျင်းပပေးခြင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းများ တိုးတက်ပြုလုပ်ကြရမည်ဖြစ်သည်။ ယနေ့နိုင်ငံတကာပြိုင်ပွဲများတွင် ထည့်သွင်း ထားသော အားကစားနည်းအမျိုးအစား အားလုံးသည် ကျန်းမာရေးကို သူ့နည်းသူ့ဟန်နှင့် အထောက်အကူ ပြုနေကြောင်း သိရှိထားလျှင် အလွန်ပင် အကျိုးကျေးဇူးများပြားပါသည်။

 

အားကစားဖြင့် ကျန်းမာရေးလာဘ်ကိုရယူပါ

အမှန်တကယ်လည်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည်ကို အားလုံးက လက်ခံပြီးဖြစ်သည်။ ကျန်းမာရေးက ဘဝတွင်အရေးကြီးလှသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဆိုသည်ကို အားလုံးသိသည်။ သို့သော်အားကစားနှင့် ကျန်းမာရေးဆက်စပ်မှုကို တချို့အားကစားအလေ့အထမှလွဲ၍ စိတ်ဝင်စားသူ နည်းနိုင်ပါသည်။ အားကစားသည် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနေသလဲ၊ ဘယ် အားကစားနည်းက ဘယ်လိုအကျိုးကျေးဇူး ရှိသလဲဆိုသည်ကို တိတိကျကျ သိနားလည်ရန် လေ့လာနေမှသာ အဆင်ပြေမည်။

 

mdn

 

နေ့စဉ် လမ်းလျှောက်ခြင်းအလေ့အထက ကျန်းမာရေးကို လွန်စွာအထောက်အကူပြုကြောင်း သိရှိထားကြသဖြင့် လူအတော်များများ အချိန်ပေး၍ လမ်းလျှောက်ဖြစ်ကြသည်။ တချို့က အပြေးကျင့်ကြသည်။ လမ်းလျှောက်ခြင်းသာမက ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ ကြက်တောင်၊ စက်ဘီးစီး၊ ဂျူဒို၊ အလေးမ၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လက်ဝှေ့၊ ရိုးရာ လှေ၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်ကစားနည်း၊ ဘိလိယက်၊ စနူကာ၊ ပီတန်း၊ ခရစ်ကက် စသည်ဖြင့် ပြိုင်ပွဲဝင် အားကစားနည်းအားလုံးက ကစားသူ၏ ကျန်းမာရေးကို ပုံစံမျိုးစုံဖြင့် အထောက်အကူပြုပါသည်။

 

ထို့ကြောင့်လည်း မိမိနှင့်သင့်လျော်ရာ ကစားနည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်ကို ကလေးသူငယ်၊ လူငယ်ဘဝမှစ၍ စိတ်ဝင်တစား ကစားကြစေချင်သည်။ မိဘများအနေဖြင့် မိမိတို့သားသမီးများကို ငယ်စဉ်ကျောင်းသားဘဝကပင် အနည်းဆုံး အားကစားနည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်အထိ ကစားရန် အချိန်ပေးစေချင်သည်၊ သွန်သင်ဆုံးမအားပေးသင့်သည်။ နွေရာသီကျောင်းပိတ်ရက်များသည် မိမိတို့ကလေးများ၏ ကျန်းမာရေးအတွက် အချိန်ပေးပြီး အားကစားလုပ်ကြရန် အားကစားကွင်းများ ဆီချီတက်ရန် အခွင့်အလမ်းကောင်းဆိုသည်ကို အမှုမဲ့အမှတ်မဲ့ မဖြစ်စေချင်ပါ။

 

ကွင်းမရှိ နေရာမရှိလျှင်လည်း အချို့အားကစား နည်းများကို အိမ်၌ပင် ကစားနိုင်၊ လေ့ကျင့်နိုင်ပါသည်။ ပြိုင်ပွဲဝင်ရန်မဟုတ်လျှင်တောင် မိမိကျန်းမာရေးအတွက်ဟူသည့် အသိဖြင့် အသက်ရှည်ရာအနာမဲ့ကြောင်း လူ့သက်တမ်းရှည်နေနိုင်ရေးကို မျှော်ကိုးပြီး အချိန်တစ်ခုပေးကာ ကစားစေလိုပါသည်။ မကျန်းမာလျှင် ပညာရေးခရီးလမ်းလည်း ဖြောင့်ဖြူးမည်မဟုတ်၊ အားကစားကြောင့် မိမိတို့သားသမီးများ အရင်လို အားနည်းချည့်နဲ့၊ ကုပ်ချောင်းချောင်းမဟုတ်တော့ဘဲ ဖျတ်ဖျတ် လတ်လတ်နှင့် တက်တက်ကြွကြွ ရှိလာသည်ကို တွေ့လာရလိမ့်မည်။ အားကစားကပေးသည့် ကြံ့ခိုင်သန်စွမ်းလာမှုကြောင့်ပင်ဖြစ်သည်။

 

Physical Intelligence မှသည်

ဤနေရာတွင် ပညာရှင်များက အားကစားနှင့် ဆက်စပ်ပြီး ဉာဏ်ရည်ဉာဏ်သွေး (IQ)နှင့် စိတ်ပိုင်း ဆိုင်ရာအရည်အသွေး(EQ)အပြင် Physical Quoti-ent ( PQ) ကိုပါ ထည့်သွင်းပညာပေးလာကြသည်ကို လေ့လာမိသည်။ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတစ်ခု ဆိုပါစို့၊ တစ်နည်း Physical Intelligence (PI) အဖြစ် ဆက်စပ်ယူနိုင်သည်။ PI ရှိမှလည်း PQ ရမည်ဟုသာ မှတ်လိုက်ပါမည်။ စကားလုံးဝေါဟာရထက် အနက်လက္ခဏာအခြင်းအရာက ပိုအရေးကြီး ပါသည်။

 

ကျန်းမာမှ အလုပ်လုပ်နိုင်မည့်အတွက် အားကစားကို စိတ်ဝင်တစား လေ့လာလိုက်စားသင့်သည်။ အားကစားသည် ရုပ်ပိုင်းဆိုင်ရာမှာပင် အထောက်အကူပြုနေသည်လား... မဟုတ်ပါ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကိုပါ ကျေးဇူးပြုသည်။ အားကစားပြိုင်ပွဲတွင် မိမိယှဉ်ပြိုင်ဘက်အပေါ် လေးစားခြင်း၊ အနိုင်ရယူ လိုစိတ်ရှိခြင်း၊ စည်းကမ်းလိုက်နာနိုင်ခြင်း၊ အဖွဲ့ လိုက် အားကစားနည်းများကြောင့် အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အလုပ်လုပ်တတ်လာပြီး အပေးအယူ မျှမျှတတဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းလာခြင်း၊ စာနာနားလည်နိုင်ပြီး အသိအမှတ်ပြုတတ်လာခြင်း၊ အကျင့်စာရိတ္တပိုင်း ကောင်းမွန်လာခြင်း၊ အရှုံးကို လက်ခံနိုင်စွမ်းရှိခြင်း၊ အနိုင်ရလဒ်အပေါ် မမောက်မာတတ်ခြင်း၊ ပြိုင်ပွဲတွင် မိမိအားနည်းချက် အားသာချက်ကို ရှာဖွေဖော်ထုတ်ခြင်း စသည်တို့သည် အားကစားကပေးသော စိတ်ပိုင်းဆိုင်ရာကိုယ်ရည် ကိုယ်သွေးများပင်ဖြစ်သည်။

 

ဤအရည်အသွေးများသည်ပင် ယနေ့ခေတ်တွင် အထူးလိုအပ်နေသော စိတ်ပိုင်းဆိုင်ရာ သန်စွမ်းရမည့် အရည်အချင်းများဖြစ်နေသည်။ ယနေ့လူများ တွင် အများဆုံးကိန်းအောင်းနေသော မကောင်းသည့် အတ္တကို စုပေါင်းအစုအဖွဲ့နှင့် အပေးအယူမျှမျှတတ ဖြင့် အောင်ပွဲရယူနိုင်မည့် အတ္တကင်းသော စိတ်ထားမျိုးကို အားကစားက ပေးစွမ်းနိုင်ပါသည်။ ဤအကျိုးတရားများသည် physical fitness (ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှု) သာမက mental healthy (စိတ်ပိုင်းဆိုင်ရာသန်စွမ်းမှု)ကိုလည်း ဖြစ်စေပါသည်။

 

ဆိုလိုသည်မှာ PI သာမက Emotional Intelligence ဟု သတ်မှတ်နိုင်သည့် EI ကိုလည်း အကျိုးပြုသည်ဟု ဆိုချင်သည်။ အထက်ပါ အားကစားကြောင့် အကျိုးကျေးဇူးများအနက်မှ တစ်ခုဖြစ်သည့် အပြန်အလှန် အသိအမှတ်ပြုတတ် လာခြင်းမှတစ်ဆင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများလည်း ရရှိလာပါသည်။ ထိုအလေ့ အကျင့်မျိုးက နောက်ပိုင်းတွင် သူ့ကိုးကွယ်မှု၊ သူ့ယုံကြည်မှု၊ ကိုင်းရှိုင်းမှု၊ သူ့ယဉ်ကျေးမှု၊ ကိုယ့် ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံများဆိုသည်ကို မစော်ကား လေးစားတတ်လာပြီး နားလည်လက်ခံမှုအပြည့်ဖြင့် အပြန်အလှန် အသိအမှတ်ပြုတတ်လာသည့် spiritual intelligence နှင့် cultural intelligence များအထိ ရရှိလာခြင်းဖြစ်သည်။

 

မိမိတို့ကလေးများကို ကျောင်းတွင် စာတော်ရုံနှင့်သာ ကျေနပ်မနေပါနှင့်၊ စာပေမှာတော်ပြီး အသိဉာဏ် နှင့်လည်း ပြည့်စုံနေရန်အတွက်ဆိုလျှင် ကိုယ်ကာယပိုင်း ကျန်းကျန်းမာမာနှင့် သန်စွမ်းနေရန်၊ စိတ်ပိုင်း ဆိုင်ရာတွင်လည်း ဖွံ့ဖြိုးနေရန်၊ စိတ်ရောရုပ်ပါ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် အချက်ကို လိုအပ်သလို အသုံးချသင့်သည် မဟုတ်ပါလား။ ဒါမှလည်း အားကစားမှတစ်ဆင့် ကိုယ့်ကလေး တစ်ယောက် ထက်ထက်မြက်မြက်ဖြစ်ပြီး လိမ္မာ လာမည်၊ တကယ့်ကို multiple intelligence နှင့် ဘက်စုံတော်သည်၊ ဘက်စုံထူးချွန်လာပါမည်။

 

တစ်ဦးချင်းပဲတော်နေသည်မဟုတ်၊ မိသားစု အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော နိုင်ငံ အတွက်ပါ တော်လည်းတော်၊ ကောင်းလည်း ကောင်းသည့် good citizenship နိုင်ငံသားပီသသူ များဖြစ်လာကြမည်ဟု ယူဆမိသည်။ ရေတိုအတွက်မဟုတ်ဘဲ ရေရှည်အတွက်ကြည့်လျှင် ဤကလေးများ၊ ဤလူငယ်များက ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပြီး ဘဝတွင်ပိုပြီးလည်းအောင်မြင်ကြသည်၊ ပိုပြီးလည်း ရှင်သန်ရပ်တည်နိုင်စွမ်းရှိကြသည်ကို တွေ့ရသည်။

 

ထို့ကြောင့်လည်း ဤဆောင်းပါးတွင် ကစားနည်းအလိုက် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကို ထပ်မံဖော်ပြပေးသွားလိုပါသည်။ ဦးစွာပထမ လူအများကြိုက်နှစ်သက်သည့် ဘောလုံးအားကစားနည်းမှ ထိုအဖွဲ့လိုက်အားကစားနည်းက ယှဉ်ပြိုင်သူများအပေါ်တွင် ဘယ်လိုကောင်းကျိုးများ ရရှိစေပါသလဲ ဆက်လက်လေ့လာကြရန်ဖြစ်ပါသည်။