ကျိုက်မရော ၃၁ ဇန်နဝါရီ
မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယသိပ္ပံ (မော်လမြိုင်)တို့ ပူးပေါင်း ကျင်းပသော အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရော အထက(ပညာအားမာန်) ခန်းမ၌ ကျင်းပခဲ့သည်။

ယနေ့ခေတ်လူငယ်များနှင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် စာရိတ္တ မြင့်မားစေရန်အားကစားကို လေ့ကျင့်လိုက်စားတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးခိုင်က အားကစားဆိုင်ရာများကို အသိပညာပေးဟောပြောပြီး မွန်ပြည်နယိကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမောင်မောင်လွင်က ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကိုပညာပေးသရုပ်ပြဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းမှ လက်ထောကိညွှန်ကြားရေးမှူး ဦးမင်းထက်အောင်မှအားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းကျောင်း၏ သိကောင်းစရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားသိပ္ပံမော်လမြိုင်ကျောင်းမှ သင်တန်းသားများက ကာယဗလနှင့် အားကစားနည်းမျိုးစုံတို့ကို လက်တွေ့သရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန် / ဆက်)
