ကိုဌေး (ကနောင်)
ကမ္ဘာပေါ်တွင် ကျင်းပလျက်ရှိသည့် အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ၊ ကမ္ဘာ့တိုက်ကြီးများဖလား ဘောလုံးပြိုင်ပွဲ၊ ဥရောပဖလား ဘောလုံးပြိုင်ပွဲ၊ Champion League ဘောလုံးပြိုင်ပွဲ၊ နိုင်ငံအသီးသီးတွင် ကျင်းပလျက် ရှိသည့် League ပြိုင်ပွဲအမျိုးမျိုးအပြင် အပြည်ပြည် ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက ကြီးမှူးကျင်းပ လျက်ရှိသည့် အားကစားနည်းအလိုက် ပြိုင်ပွဲပေါင်း မြောက်မြားစွာ ရှိကြသည်။ ပြိုင်ပွဲအသီးသီးတွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် ပါဝင် ယှဉ်ပြိုင်လျက်ရှိကြသည့် အားကစားသမားများ အနေဖြင့် မိမိတို့ ပါဝင်ယှဉ်ပြိုင်သည့် အားကစား နည်းများ၏ စည်းမျဉ်းစည်းကမ်းဥပဒေများကို သိရှိထားကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်လည်း အထူးလိုအပ်လှသည်။
အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်
အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို အားကစားသမားများ ကိုယ်တိုင်သော်လည်းကောင်း၊ ပွဲကြည့်ပရိသတ်များအနေဖြင့် သော်လည်းကောင်း သိရှိနားလည်မှု အားနည်း၍ဖြစ်စေ၊ အားကစားစိတ်ဓာတ် ကင်းမဲ့စွာ ယှဉ်ပြိုင်ခြင်းကြောင့်ဖြစ်စေ၊ သတ်မှတ်စည်းကမ်းများ၏ ဥပဒေပြင်ပ ယှဉ်ပြိုင်မှုများကြောင့်ဖြစ်စေ၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ဖြစ်စေ၊ ပရိသတ်များ၏လွန်ကဲစွာ အားပေးမှုကြောင့်ဖြစ်စေ အားကစားပြိုင်ပွဲများတွင် မကြာခဏ အငြင်းပွားမှုများ၊ ကွင်းအတွင်း ခိုက်ရန် ဖြစ်ပွားမှုများမှသည် ကွင်းပြင်ပပရိသတ်များအထိပါ တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်များရှိခဲ့သည်။ ထိုဖြစ်စဉ် များကြောင့် လူပေါင်းရာချီ၍ သေဆုံးမှုများ ဖြစ်ပေါ် ခဲ့ဖူးသည်။ သို့ဖြစ်၍ အားကစားပြိုင်ပွဲတိုင်းတွင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းမပြုသရွေ့ အလားတူ ဖြစ်စဉ်ဖြစ်ရပ်မျိုး မကြာခဏဆိုသလို ဖြစ်ပေါ်နေ မည်ဟု ယူဆမိပါသည်။
အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုထားရှိသည်ကို မှတ်သားဖူးပါသည်။ မှတ်သားမိသလောက် အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြ ရလျှင်-
“အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကိုသာမက နည်းပြဆရာ၊ အုပ်ချုပ်မှု၊ အားကစားဆေးပညာရှင် အစရှိသော ပြိုင်ပွဲတာဝန်ရှိသူများ၏ လမ်းညွှန်မှု နှင့် အဆုံးအဖြတ်တို့ကို တိကျလေးစားစွာ လိုက်နာရမည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမား တိုင်းသည် ပွဲကြည့်ပရိသတ်များကို စော်ကား သည့် ရိုင်းပျညစ်နွမ်းသော အပြုအမူ အပြော အဆိုများကို မပြုမိစေရန် ဆင်ခြင်ရပါမည်။ တစ်နည်းအားဖြင့် ကိုယ်စိတ်နှလုံး သုံးပါးစလုံး ကို စောင့်ထိန်းရမည်”ဟူ၍လည်းကောင်း၊
“အားကစား ယှဉ်ပြိုင်ရာ၌ မိမိလူမျိုး၊ မိမိ နိုင်ငံတော်၏ ကျေးဇူးကို စောင့်သိလျက် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုသကဲ့သို့ မလျှော့သော ဇွဲ၊ သတ္တိ၊ ပြင်းပြသောလုံ့လတို့ဖြင့် ပါဝင် ယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ ရွှေတံဆိပ်ဆု ရရှိရေးထက် ပို၍အရေးကြီးသည်မှာ ယှဉ်ပြိုင်ဘက် အားကစားသမားတစ်ဦး ဘေးဒုက္ခကြုံတွေ့နေခြင်းအား ကိုယ်ကျိုးစွန့်ပြီး ကူညီမှုဖြစ်သည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ အနိုင်ရသူအပေါ် မနာလိုမှု(ဣဿာ)၊ ဝန်တိုမှု(မစ္ဆရိယ) စိတ်များ မထားရပါ၊ အနိုင်ရလောက်သော အားကစား စွမ်းရည်ရှိ၍ အနိုင်ရခြင်းဖြစ်ကြောင်းနှင့် သူ့နည်းတူဖြစ်ရန် မိမိဘက်မှ ဆတက်ထမ်းပိုး ကြိုးစားရဦးမည်ဖြစ်ကြောင်းတို့ကို အမှန်အတိုင်းနားလည်လျက် အနိုင်ရသူနှင့် ထပ်တူထပ်မျှ ဝမ်းသာနိုင်အောင် ကြိုးစားရမည်” ဟူ၍လည်းကောင်း၊
“အားကစား ယှဉ်ပြိုင်ရာ၌ သာမန်ပွဲသေးဖြစ်၍ ရေသာခိုပြီး ကစားခြင်းနှင့် ထိပ်တန်းပွဲကြီး ဖြစ်၍ အားသွန်ပြီး ကစားခြင်းတို့ကို မပြုသင့် ပါ၊ ပြိုင်ပွဲအပေါ် မူတည်၍ အလျှော့အတင်းဖြင့် ကစားခြင်းသည် ယှဉ်ပြိုင်မှု အလေ့အကျင့်ကို ထိခိုက်ပျက်စီးစေပါသည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ အသက်အရွယ်သည် ပဓာနမဟုတ်ပါ၊ ပါဝင်ဆင်နွှဲခြင်းသည်သာ ပဓာနဖြစ်ပါသည်” ဟူ၍လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ တားမြစ်ဆေး စသည်တို့၏ အကူအညီကိုယူပြီး မရိုးဖြောင့်သည့်နည်းဖြင့် မယှဉ်ပြိုင်ရပါ၊ အပြစ်ကင်း သည့် အလုပ်ကို ပြုလုပ်မိပါစေ” ဟူ၍ လည်းကောင်း၊
“အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်းတို့ နှင့်သာ ယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊
“အားကစားလေ့ကျင့်ရာ၌ လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာ၌ လည်းကောင်း ပွင့်လင်းမှု၊ ရိုးသားမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှု အစရှိသည်တို့ကို အမြဲရှိထားရပါမည်” ဟူ၍ လည်းကောင်း၊
“အားကစားသမားချင်း တစ်ဦးကိုတစ်ဦး ရဲဘော်ရဲဘက်စိတ်ထားရှိရမည်” ဟူ၍ လည်းကောင်း အယူအဆအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တွေ့ရှိရသည်။
Green Card (အစိမ်းကတ်) အားထည့်သွင်းအသုံးပြုခဲ့
အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ အတွေ့အကြုံတစ်ခုအား တင်ပြရလျှင် အာရှဘောလုံးအဖွဲ့ ချုပ်၏ အစီအမံဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ကျောင်းသားလူငယ်ဘောလုံးပွဲတော်အား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က စတင်ကျင်းပပြုလုပ်သည့် လူငယ်ဘောလုံးပွဲတော်ကို တက်ရောက်လေ့လာခွင့် ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ် ဇွန်လတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် အသက် (၁၄) နှစ် အောက် ကျောင်းသားအားကစားပွဲတော် ကျင်းပ ခဲ့ရာ အာရှနိုင်ငံများမှ တစ်ချိန်တွင် ဘောလုံးအကျော်အမော်များဖြစ်လာမည့် လူငယ်ကျောင်းသား အားကစားသမားများကို လူငယ်ကျောင်းသား ပွဲတော် (ဘောလုံးပြိုင်ပွဲ) ၏ စည်းကမ်းသတ်မှတ်ချက် များတွင် Yellow Card, Red Card များအပြင် Green Card ကိုပါ ပြိုင်ပွဲစည်းကမ်းတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။ တားမြစ်ထားသည့် သာမန်ပြစ်မှုများဖြစ်ပါက Yellow Card (အဝါကတ်) ပြသပြီး ပြိုင်ဘက်ကစားသမားကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်ပါက တိုက်ရိုက် ထုတ်ပယ်သည့် Red Card (အနီကတ်) များကိုသာ ဒိုင်လူကြီးများ သုံးစွဲသည်ကို မြင်တွေ့ခဲ့ဖူးသော် လည်း အဆိုပါ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံးအားကစားဆောင်ပုဒ်ဖြစ်သည့် Fair Play ဆောင်ပုဒ်ကို မျိုးဆက်သစ်များ အတုယူလိုက်နာ တတ်စေရေးအတွက် Green Card (အစိမ်းကတ်) အား ထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ရသည်။ Green Card မှာ ကစားသမားနှစ်ဦး အင်တိုက် အားတိုက် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားနေစဉ်အတွင်း တစ်ဦးလဲကျသွားပါက ကျန်အားကစား သမားတစ်ဦးက ဘောလုံးကို ဆက်မကစားဘဲ လဲကျသွားသည့် ကစားသမားကို ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ ချက်ချင်းပြုလုပ်သည်။ အလားတူ ရှေ့တန်းကစားသမားနှင့် နောက်တန်း ကစားသမား ဘောလုံးယှဉ်ပြိုင်လုရင်း နောက်တန်း ကစားသမား လဲကျကျန်ခဲ့ပြီး ပြိုင်ဘက်ရှေ့တန်း ကစားသမားက ဂိုးသွင်းခွင့် အခွင့်အရေးရရှိသွားသော်လည်း ဂိုးသွင်းခြင်းမပြုဘဲ လဲကျသွားသည့် ကစားသမားကို ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်သည်။
ထိုသို့သော ဖြစ်စဉ်များအား မြင်တွေ့ရပါက ဒိုင်လူကြီးက အနီးသို့ပြေးသွားပြီး ဆွဲထူပေးသည့် ကစားသမားကို အားကစားစိတ်ဓာတ်ရှိသူအဖြစ် ဂုဏ်ပြုသတ်မှတ်သည့်အနေဖြင့် Green Card ကို ပြသသည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် ပြိုင်ပွဲဝင်အသင်း တစ်သင်းလုံးက အဝါကတ်၊ အနီကတ် လုံးဝပြသ ခံရခြင်းမရှိသည့်အသင်းအား ကွင်းလယ်ဒိုင်လူကြီးက အနီးသို့သွားရောက်ပြီး တစ်သင်းလုံးကို Green Card ပြသပြီး အားကစားစိတ်ဓာတ် ပြည့်ဝသော အသင်းအဖြစ် ဂုဏ်ပြုသည်။ ပြိုင်ပွဲကြီး ပြီးဆုံးချိန် တွင်လည်း ပထမရရှိသောအသင်းအား ဆုဖလား၊ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သကဲ့သို့ ပွဲစဉ် တစ်လျှောက် အသန့်ရှင်းဆုံး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်သည့် Green Card အများဆုံးရရှိသည့် အသင်းကို ပထမရရှိသည့် အသင်းနှင့်တန်းတူ ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဤကျောင်းသားအားကစားပွဲတော်က ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပထမရရှိသော အသင်းထက် အသန့်ရှင်းဆုံးဆုနှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သည့် အသင်းအား ပရိသတ်က ပိုမိုအားပေးဂုဏ်ပြုကြသည်ကို ဂုဏ်ယူဖွယ်မြင်တွေ့ခဲ့ရသည်။ သို့ဖြစ်၍ အားကစားသမားတိုင်း ပြိုင်ပွဲဝင်ရာတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်မှာ အထူးအရေးကြီး လှပေသည်။
ပြိုင်ပွဲတိုင်းတွင် Fair Play ဖြစ်စေရန်လိုအပ်
အားကစားပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲဝင်အားကစားသမားများ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲတိုင်း တွင် Fair Play ဖြစ်စေရန်လည်း အထူးလိုအပ် လှသည်။ Fair Play ဆိုသည်မှာ အားကစားသမား များနှင့်သာ သက်ဆိုင်နေခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲ တစ်ခု ကျင်းပမည်ဆိုလျှင် မဖြစ်မနေပါဝင်ပတ်သက် နေသူများဖြစ်သည့် (၁) အားကစားသမား၊ (၂) ဒိုင်လူကြီး၊ (၃) ပွဲကြည့်ပရိသတ်၊ (၄) ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် (၅) ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း/ အားကစားရုံ အခြေအနေတို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အားကစားပြိုင်ပွဲများ၊ အထူးသဖြင့် ဘောလုံးပြိုင်ပွဲများအား အကျည်းတန် အရုပ်ဆိုးစေသည့် ဖြစ်ရပ် များမှာ ပြိုင်ပွဲပွဲစဉ်များ ယှဉ်ပြိုင်ကစားရာတွင် ပြဿနာများပေါ်ပေါက်ပြီး ပွဲရပ်ဆိုင်းလိုက်ရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ ဒိုင်လူကြီးများအား မချေမငံပြုမူပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း၊ ပရိသတ်များ၏ ဆူပူ အကြမ်းဖက်ရမ်းကားခြင်းပင် ဖြစ်သည်။ ယခုခေတ် တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသောနိုင်ငံတွင် အထက်ပါဖြစ်စဉ်များဖြစ်ပွားပါက သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ အားကစားအဖွဲ့ချုပ်များကို အရေးယူ မှုများ ပြုလုပ်လာသည်အထိပင်ဖြစ်သည်ဟု ကြားသိ ရခြင်းမှာ မနှစ်မြို့စရာဖြစ်သည့်အပြင် သက်ဆိုင်ရာ နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်စေ သည်။ သို့ဖြစ်၍ ပြိုင်ပွဲတစ်ခုကျင်းပရာတွင် ပါဝင် ပတ်သက်နေသူများ၏ အခန်းကဏ္ဍကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည်။
“အားကစားသမား” ဟုဆိုရာတွင် လေ့ကျင့်မှု ပြည့်ဝသည့် အားကစားသမားတစ်ဦးသည် မိမိ ကစားမည့် အားကစားနည်းကို ယှဉ်ပြိုင်နိုင်သည် အထိ လေ့ကျင့်ထားရန် လိုအပ်သည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း၏ စည်းမျဉ်းစည်းကမ်းဥပဒေများကိုလည်း သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ အကယ်၍ အားကစား စိတ်ဓာတ် ကင်းမဲ့သည့် အားကစားသမားဖြစ်ပါက မိမိထက် ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှု ကောင်းသော ပြိုင်ဘက်ကစားသမားကို ထိခိုက်စေလိုသော စိတ်ဆန္ဒဖြင့် ပြစ်မှုကျူးလွန်တတ်သည်။ ဤကဲ့သို့ ပြစ်မှုကျူးလွန်သော အားကစားသမားကို ဒိုင်လူကြီးများက အပြစ်ပေးပြန်လျှင်လည်း မချေမငံ ဆက်ဆံခြင်းမျိုးများ ဖြစ်လာစေသည်။ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် မိမိကစားသမား၏ ပကတိအခြေအနေကို နားမလည်နိုင်ဘဲ နိုင်လိုမှုတစ်ခုတည်းကို ဦးတည်လာသော ပရိသတ်များ ပါဝင်လာပြီး ဆူပူမှုကို ဖြစ်ပေါ်လာနိုင်သည်။ “အားကစားသမားများနှင့် အားကစားစိတ်ဓာတ်” (Sportsman & Sporting Spirit) ရှိရန် လိုပေသည်။ အားကစားသမားတိုင်း Sporting Spirit ကို သိရှိရန်၊ လိုက်နာတတ်ရန်နှင့် လိုက်နာရန်တာဝန် ရှိသည်ဆိုသည့် အသိလည်း ရှိရမည်ဖြစ်သည်။ မိမိ၏ ပြုမူချက်ကြောင့် ဒိုင်လူကြီးက အပြစ်ပေးလျှင် နာခံတတ်ရပေမည်။ မိမိတစ်ဦးကြောင့် မိမိအသင်း ထိခိုက်မှုမရှိစေရန် လိုအပ်သည်။ မိမိသည် ဒိုင်လူကြီးကို လေးစားသကဲ့သို့ ဘောလုံးပွဲ (သို့) အားကစားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်နှင့် မိမိအသင်း၏ တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း လေးစားရန် လိုအပ်သည်။
အထူးအတုယူအားကျသင့်
ကမ္ဘာ့ဖလားနှင့် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အာရှနိုင်ငံများ ဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းများ၏ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်မှုအခြေ အနေတို့မှာ အထူးအတုယူ အားကျသင့်လှပေသည်။ ပြိုင်ပွဲတိုင်းတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အကျင့်စရိုက်၊ မိမိထက် အဘက်ဘက်က သာလွန်သည့် အသင်းများကို အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အားကြိုး မာန်တက်၊ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်အနိုင်ယူသွား ကြသည်ကို လေးစားဂုဏ်ယူအားကျဖွယ် တွေ့ရ သည်။ ထို့ကြောင့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အားကစားသမားများကို အသိပေးလိုသည်မှာ အားကစားသမား တစ်ဦးအနေဖြင့် မိမိ၏ရပ်တည် ဆောင်ရွက်ချက်အပေါ် ပရိသတ်များက၊ ပြိုင်ပွဲကို တာဝန်ယူကြီးကြပ်သူများက၊ မိမိ၏ အသင်းကစား ဖော်များက၊ မိမိပြိုင်ဘက်အသင်းမှ ကစားသမား များက လေးစားခံရသူ၊ အားကစားစိတ်ဓာတ်ရှိသူ အဖြစ် အသိအမှတ်ပြုခံရသူဖြစ်အောင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ယူတတ်သူဖြစ်ရေး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြုမူကြိုးစား ရမည်ဖြစ်သည်။
အလားတူ ပြိုင်ပွဲကို တာဝန်ယူကြီးကြပ်ရသည့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားခွင်တွင် တရားသူကြီးသည် အရေးကြီးသကဲ့သို့ အားကစား ပြိုင်ပွဲတိုင်းတွင်လည်း ဒိုင်လူကြီးသည် အဆုံးအဖြတ် ပေးရမည့်သူဖြစ်ခြင်းကြောင့် အထူးအရေးကြီးသည်။
“သ” ခြောက်လုံးဟူသောအချက်များ ပြည့်စုံရန်လိုအပ်
အားကစားပြိုင်ပွဲကောင်းတစ်ခု ဖြစ်ရန်မှာ အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့ “လေးပွင့်ဆိုင်” ကောင်းမှသာလျှင် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပေသည်။ ထိုလေးပွင့်ဆိုင်တွင် အချက်တစ်ခုခု ချို့ယွင်းဖောက်ဖျက်ပါက ပွဲပျက်ရပြီး ပြဿနာများစွာ၊ အဓိကရုဏ်းများစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဒိုင်လူကြီးတစ်ယောက်သည် “သ” ခြောက်လုံး ဟူသော “သစ္စာ၊ သိက္ခာ၊ သမာဓိ၊ သတ္တိ၊ သမ္မစိတ္တ၊ သုတေသန”ဟူသော အချက်များ ပြည့်စုံရန် လိုအပ် ကြောင်း မှတ်သားဖူးသည်။
“သစ္စာ”ဟူသည်မှာ ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိပါဝင်ပတ်သက်နေသော အားကစားအပေါ်တွင် သစ္စာရှိရမည်။ တစ်နည်းအားဖြင့်ဆိုသော် အဂတိလိုက်စားမှုကင်းခြင်း၊ ငါ့တပည့်၊ ငါ့ဆွေမျိုး၊ ငါ့သား၊ ငါ့သမီးဟူသော အစွဲမရှိဘဲ မှန်မှန်ကန်ကန် သစ္စာရှိရှိဆုံးဖြတ်ရန်လိုသည်။
“သိက္ခာ”ဟူသည်မှာ ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိရရှိထားသော နေရာ၊ ရာထူး နှင့် လိုက်ဖက်စွာ မိမိဂုဏ်သိက္ခာကို စောင့်ထိန်း၍ တစ်ဖက်စောင်းနင်း မဆုံးဖြတ်ရန်လိုသည်။ မိမိ ဒေသအစွဲ၊ မြို့အစွဲများကို မကြည့်ဘဲ လတ်တလော မြင်ကွင်းပြိုင်ပွဲကို မှန်မှန်ကန်ကန် ဆုံးဖြတ်ရန်လိုပါသည်။
“သမာဓိ”ဟူသည်မှာ ဒိုင်လူကြီးကောင်း တစ်ယောက်သည် စိတ်ဓာတ်ခိုင်မာရန်လိုသည်။ ဟိုလိုလို၊ သည်လိုလိုနှင့် ဝေခွဲမရသော သံသယဒွိဟ စိတ်များမဖြစ်ရန်လိုသည်။
“သတ္တိ” ဟူသည်မှာ ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိဆုံးဖြတ်ချက်၊ မိမိထင်မြင် ချက်ကို မမှိတ်မသုန် ဆုံးဖြတ်ချက်ချနိုင်ရန်လိုသည်။ တခြားတစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုးမှု၊ တိုက်တွန်းမှု၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်မရှိဘဲ ဆုံးဖြတ်နိုင်ရန်လိုသည်။
“သမ္မစိတ္တ” ဟူသည် ပြိုင်ပွဲကျင်းပနေစဉ် ပြိုင်ဘက်အသင်းများအပေါ် (သို့) ပြိုင်ပွဲဝင် အားကစားသမားများအပေါ် မျှမျှတတ ဝေဖန် ပိုင်းခြားခြင်း၊ ဆုံးဖြတ်တတ်ခြင်းတို့ဖြစ်သည်။
“သုတေသန” ဟူသည်မှာ ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိနှင့်ပတ်သက်သော အားကစား အကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို ခေတ်နှင့်အညီ သိကျွမ်းရန်လိုသည်။ ထို့အပြင် မိမိအားကစားနှင့်ပတ်သက်သော အသိုင်းအဝိုင်း၊ အားကစားသမားများအကြောင်းကိုလည်း တီးမိ ခေါက်မိရန်လိုသည်။
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေစဉ် ဓာတ်ပုံရိုက်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ပြိုင်ဘက် အသင်းမှ အားကစားသမားများကို နည်းပြပြုလုပ်ခြင်း၊ အခြားဒိုင်လူကြီးတစ်ဦးဦးကို ကြိုတင် တစ်ပေးခြင်း၊ သြဇာလွှမ်းမိုးခြင်း၊ ဒိုင်တစ်ဦးတစ်ယောက်ကို စကားပြောခြင်းများ မပြုလုပ်ရပါ။ ထို့အပြင် အမြင်အာရုံ မကောင်းသော၊ မျက်စိမှုန်သူ (မျက်မှန်တပ်သူ) များကို ဒိုင်လူကြီးတာဝန် မပေး သင့်ပါ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အမှား၊ အမှန်ကို ပွဲကြည့်ပရိသတ်များက ဝိုင်း၍ မျက်လုံးပေါင်း ထောင်၊ သောင်းမက စိတ်အာရုံစူးစိုက်ကာ မျှော်လင့် နေကြပေသည်။
ထို့ကြောင့် ဒိုင်လူကြီးကောင်းတစ်ဦးဖြစ်ရန် “သ” ခြောက်လုံးကို ဆောင်၍ တည်ကြည်လေးနက် သော အားကစားစိတ်ဓာတ်ဖြင့် ဆောင်ရွက်မည် ဆိုပါက အမှားအယွင်းနည်းစွာဖြင့် ဆုံးဖြတ်တတ် သော ဒိုင်လူကြီးကောင်းတစ်ယောက်ဖြစ်မည် ဖြစ်သည်။
ပညာပေးခြင်းလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်
ပရိသတ်များမှာ အားကစားကို ဝါသနာအရ လာရောက်ကြည့်ရှုအားပေးသူများဖြစ်ရာ ပရိသတ်များ၏ အသိပညာ မြင့်မားလာစေရေးအတွက် မီဒီယာ များဖြင့် ပူးပေါင်းကာ ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သည်။ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များမှာ အလွှာအသီးသီးမှဖြစ်ပြီး အသိဉာဏ်နှင့် ပညာမှာလည်း အမျိုးမျိုးရှိကြ၍ ၎င်းတို့အားပေးမှုကို ကြိုဆိုရန်သာရှိသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ မရှိစေရေး၊ တည်ဆဲဥပဒေများဖြင့် တားဆီးကြရမည် ဖြစ်သကဲ့သို့ ဆူပူဆဲဆိုမှုများကို လည်း ၎င်းတို့၏ မြင်ကွင်းဖြစ်စဉ်များဖြင့် ပြောင်းလဲ ဆောင်ရွက်ကြရမည်။ ထိုတာဝန်မှာ အားကစားသမားနှင့် ဒိုင်လူကြီးများတွင်သာ တာဝန်ရှိသည်။ သတ်မှတ်စည်းမျဉ်း စည်းကမ်းဥပဒေအတိုင်း တရား မျှတစွာ ဆောင်ရွက်သည့် ဒိုင်လူကြီး၊ ဥပဒေနားလည်ပြီး လေ့ကျင့်သားပြည့်ဝ၍ အားကစားစိတ်ဓာတ် ရှိသော အားကစားသမားများရှိပါလျှင် ပရိသတ် များ အလိုလိုယဉ်ကျေးလာမည်ဟု ယုံကြည်သည်။ ဥပဒေကို နားလည်သဘောပေါက်ပြီး နိုင်ငံကြီးသား ပီသသူများ ဖြစ်လာစေရန်၊ စည်းကမ်းရှိသော၊ စည်းကမ်းတန်ဖိုးကိုသိသော ပရိသတ်များ ဖြစ်လာ စေရန်အတွက် ကိုယ်ချင်းစာတရား လက်ကိုင် ထားရေးကိုလည်း စည်းရုံးလှုံ့ဆော်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။
အားကစားပြက္ခဒိန်များကို လေ့လာစိစစ်ပြီးမှသာ ဆောင်ရွက်ရ
ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အားကစားကွင်း အခြေအနေများဟုဆိုရာ၌ ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများအား တာဝန်ယူဆောင်ရွက်နေသူများအနေဖြင့် အောင်မြင်သည့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်စေရေးအတွက် အဓိကအရေးကြီးသည်။ ၎င်းကော်မတီအနေဖြင့် ပြိုင်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ပေးခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်း ကြိုတင်သတ်မှတ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရပေသည်။ နိုင်ငံတကာအားကစား ပြိုင်ပွဲများဆိုလျှင် ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အားကစားပြက္ခဒိန်၊ အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့တောင်အာရှစသည့် နေရာဌာနအလိုက် ကျင်းပမည့် အားကစားပြက္ခဒိန်များကို လေ့လာ စိစစ်ပြီးမှသာ ဆောင်ရွက်ရပေသည်။ ပြိုင်ပွဲရက် သတ်မှတ်ပြီးလျှင် ပြိုင်ပွဲဝင်နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း၊ အဖွဲ့အစည်းအသီးသီးသို့ ကြိုတင်ပြင်ဆင် လေ့ကျင့် ဆောင်ရွက်နိုင်ရန် ကြိုတင်အသိပေး အကြောင်း ကြားရပေမည်။ သို့မှသာ အဆင့်ဆင့်သောအဖွဲ့များက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အခွင့်အရေး တန်းတူမျှတစွာ ကြိုတင်၍ ပြိုင်ပွဲများကျင်းပ၍ လူရွေးချယ်ခြင်း၊ ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်း လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤကဲ့သို့ တရားမျှတသော ပြင်ဆင်မှုများ ညီမျှစွာ ရရှိကြမှ သာလျှင် “တရားသော ယှဉ်ပြိုင်ခြင်း” ဟူသော ဆောင်ပုဒ်အတိုင်း ဖြစ်လာမည် ဖြစ်ပေသည်။ ထို့ကြောင့်လည်း တရားသော၊ ညီမျှသော ပြိုင်ပွဲ တစ်ခုဖြစ်ရန်မှာ အဓိကဟုဆိုနိုင်သည့် ပြိုင်ပွဲကျင်းပ ရေးကော်မတီ၏ တာဝန်ဖြစ်ပေသည်။ ၎င်းတို့မှ တစ်ဆင့် အဆင့်မီသော အားကစားကွင်းများတွင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း၊ ရှာဖွေခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ပြီး အဆင့်မီ သော ပြိုင်ပွဲများအား ကျင်းပနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။