“အားကစားဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ နိုင်ငံနှင့် လူမျိုးဂုဏ်ကို  မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်လာနေပြီကို ပြောကြားလိုကြောင်း၊ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံး မိနစ်၊ နောက်ဆုံးစက္ကန့် အပိုင်းအခြားအထိ ပြိုင်ဘက်ကို အလျှော့မပေးဘဲ အားကစားစိတ်ဓာတ်အပြည့်နှင့် ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်မည်ဟူသည့် ခံယူချက်ကြောင့်ပင်ဖြစ်ကြောင်း၊ အားကစားသမားကောင်း တစ်ယောက်၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင် ကြာတင့်ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြုနိုင်ငံကိုပါ အလိုလိုမြှင့်တင်ပေးပြီးသား ဖြစ်စေခဲ့ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

 

အားကစားဟူသည် ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့်အခြေခံအချက် ခြောက်ချက် ပါဝင်ပေါင်းစပ်ထားသည်။ အဆိုပါအချက်များ ပြည့်စုံအောင် ပေါင်းစပ်ဆောင်ရွက်လိုက်ပါက အောင်မြင်သော အားကစားသမားကောင်းဖြစ်လာသည်။ နိုင်ငံတော်အစိုးရသည် အားကစားကဏ္ဍ မြင့်မားတိုးတက်လာရေးအတွက် မြှင့်တင်အားပေးနေသည်။ အားကစားကို လိုက်စားသော နိုင်ငံသားများအား မြှင့်တင်ပေးကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြင့်မားအောင် ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ၏ အားကစားသမိုင်းတွင် ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများ၌ အောင်မြင်မှုသမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။ အရပ်ဘက် အားကစားကဏ္ဍတွင် အောင်မြင်မှုများရရှိခဲ့သလို တပ်မတော်အားကစားကဏ္ဍမှ ထင်ရှားသော အောင်မြင်သည့်ကဏ္ဍများဖြင့် ပါဝင်ပေါင်းစပ်ဖြည့်ဆည်းခဲ့သည်။

 

၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရဲမေတစ်ဦးသည် ဂျူဒိုအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး တပ်မတော်သားများသာမက ပါရမီဖြည့်ဖက်ရဲမေများ၏ စွမ်းရည်များကိုပါ ဂုဏ်ယူဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍကို မြင့်မားတိုးတက်လာစေရန် မြှင့်တင်ပေးနေချိန်တွင် တပ်မတော်အနေဖြင့် တိုင်းပြည်၏ အားကစားကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး တပ်မတော်ဘောလုံး အကယ်ဒမီသင်တန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းအမှတ်စဉ် (၃) အထိ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ နိုင်ငံအတွင်း၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းအားကစားပြိုင်ပွဲများသည် အားကစားကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသည်လည်း အလားတူဖြစ်သည်။

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလာသောအခါတွင် ခေတ္တရပ်နားထားခဲ့သည်။ ယခုနှစ်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို အားကစားနည်း ၁၀ မျိုးဖြင့် ယှဉ်ပြိုင်နေပြီဖြစ်သည်။ ယခုနှစ်အားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲလည်း ပါဝင်သည်။ မြန်မာ့သိုင်းပညာရပ်သည် မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့်ဖျတ်လတ်မှုနှင့် ကိုယ်ကာယကြံ့ခိုင်မှုများကို ပြသသည့် ရှေးရိုးအစဉ်အလာ ရိုးရာကိုယ်ခံပညာရပ်ဖြစ်သည်။ အတိတ်ကာလက ကျူးကျော်လာသော တိုင်းတစ်ပါးနယ်ချဲ့တို့ကို မြန်မာတို့၏ ကိုယ်ခံပညာရပ်သိုင်းပညာများဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်ခဲ့သည်။ ရှေးမြန်မာ့သမိုင်းတွင် မြန်မာ့ဓားရေးအစွမ်းသည် အံ့ဩလောက်ဖွယ် ပြောင်မြောက်ပြီး ထူးခြားထင်ရှားစွာ စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့သိုင်းပြိုင်ပွဲကို ၂၀၁၉ ခုနှစ်မှစ၍ ထည့်သွင်းယှဉ်ပြိုင်စေခဲ့သည်။

 

မြန်မာ့အားကစားသမားများသည် အားကစားအခြေခံ ခြောက်ချက်ကို ပြည့်ဝအောင် ကြိုးစားအားထုတ်လျက်ရှိပြီး အားကစားနည်းအလိုက် ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အလေ့အကျင့်များကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တစ်ပြက် ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့် အယူအဆ၊ မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များနှင့် ပေါင်းစပ်ယှဉ်ပြိုင်နိုင်ပါက ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အားကစားပြိုင်ပွဲ အသီးသီးမှတစ်ဆင့် အောင်မြင်မှုများ ရရှိအောင် ကြိုးစားအားထုတ်ရန်၊ အားကစား ကဏ္ဍကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်နေသည်ဟူသည့် အသိတရား မွေးမြူကြရန် ဖြစ်ပြီး တပ်မတော်နှင့်နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ