mdn

 

နေပြည်တော် ၃၀ ဇူလိုင်

 

ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ရန် ဆွေးနွေးနေကြကြောင်း ကြားသိရပါသည်။ နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယန်ကြီး ဒေါက်တာမြလေးစိန်က ဦးဆောင်ဆွေးနွေး ခဲ့သည်ဟု သိရ၏။

 

နိုင်ငံတစ်ခု၏ အရေးကြီးသော ကဏ္ဍများထဲတွင် အားကစားကဏ္ဍ လည်း ပါဝင်ပါသည်။ ကမ္ဘာ့နိုင်ငံများကြားတွင် အားကစားကဏ္ဍတိုးတက် မြင့်မားသည်ဆိုခြင်းမှာ နိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကိုသာမက နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကိုပါ ဖော်ပြနေသည့် ပြဒါးတိုင် တစ်ခုကဲ့သို့လည်း ဖြစ်ပါ၏။

 

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍအသီးသီးတွင် ထွန်းထွန်းပေါက်ပေါက်ရှိ ခဲ့ပါသည်။ အာရှဒေသတွင်းတွင် လျှမ်းလျှမ်းတောက်ဟု ဆိုနိုင်လောက်သည်ထိ ဘက်စုံပေါက်မြောက်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကြားတွင်လည်း မြန်မာနိုင်ငံသည် ဂုဏ်သိက္ခာရှိရှိဖြင့် ရပ်တည်နိုင်ခဲ့သည်မှာ အထင်အရှားဖြစ်ခဲ့သည်။

 

နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ မြန်မာနိုင်ငံ၏ အဆင့်အတန်းကို နိုင်ငံတကာက တလေးတစား ဆက်ဆံနေရာပေးခဲ့ရ၏။ ယင်းသို့သောဘက်စုံကဏ္ဍများထဲတွင်အားကစားကဏ္ဍလည်း အပါအဝင် ဖြစ်ပါသည်။ ပြေးခုန်ပစ်အားကစားများနှင့် နိုင်ငံတိုင်း အထူးသဖြင့် အလေးထားကြသည့် ဘောလုံးအားကစားတွင် မြန်မာအားကစားသမား များသည် ဆုတံဆိပ်များရယူကာရှေ့ဆုံးတန်းတွင်နေရာယူထားခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ အလံတော်သည် အရှေ့တောင်အာရှနိုင်ငံများကြားတွင် တလူလူလွှင့်ထူနိုင်ခဲ့ပေသည်။ အားကစားကဏ္ဍတွင် ထိပ်တန်းရောက် ခြင်းသည်လည်း နိုင်ငံတကာအလယ်တွင် အင်အားတစ်ခုဟု ဆိုရပါမည်။

 

ထိုသို့ အာရှတစ်လွှား ရေပန်းစားခဲ့သည့် မြန်မာ့အားကစားသမား များကို လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် အောင်ဆန်းအားကစားကွင်းသည် ရန်ကုန်မြို့တော်အတွက်သာမက မြန်မာနိုင်ငံ၏ အမှတ်ရဂုဏ်ယူဖွယ် အထိမ်းအမှတ် သမိုင်းအမွေအနှစ်တစ်ခုပင် ဖြစ်ချေသည်။

 

အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများဟူ၍ ဖွဲ့စည်းယှဉ်ပြိုင်ခဲ့ကြသော ကျွန်းဆွယ်အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ၁၉၅၉ ခုနှစ်က စတင်ကျင်းခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် လာအို၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ၊ စုစုပေါင်း ခြောက်နိုင်ငံ ပါဝင်ခဲ့ပေသည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်လာခဲ့ပါသည်။ မူလက အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲများဟု အမည်တွင်ခဲ့ပြီး နောင်တွင် အရှေ့တောင်အာရှအားကစားပွဲဟု ပြောင်းလဲသတ်မှတ် ခဲ့သည်။ ထိုအားကစားပွဲများကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့၏။ ၁၉၆၁ ဒုတိယအကြိမ်နှင့် ၁၉၆၉ ပဉ္စမအကြိမ် ကျွန်းဆွယ်အားကစားပွဲများကို မြန်မာနိုင်ငံ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် ကျင်းရဲခြင်း ဖြစ်ပါသည်။ ထိုနှစ်ကြိမ်လုံးတွင် မြန်မာနိုင်ငံကပြေးခုန်ပစ်အားကစားပွဲများနှင့် ဘောလုံးကစာတို့တွင် ပထမနေရာက ဗိုလ်စွဲခဲ့သည်။

 

အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ရုံမျှသာမက အားကစားပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အောင်ဆန်း အားကစားကွင်း၏ မှတ်တမ်းမှတ်တိုင်မှာ ဂုဏ်ယူမြတ်နိုးထိန်းသိမ်းလိုက်ပါသည်။ ခေတ်ကာလကြာရှည်လာ သည်နှင့်အမျှ ဟောင်းနွမ်းလာနေသည့် ယနေ့အချိန်တွင် ပြန်လည်မွမ်းမံထိန်းသိမ်းရန် ဆွေးနွေးပြင်ဆင်နေကြ သည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ အဟောင်းအမြင်းဆိုလျှင် စွန့်ပစ်ပစ္စည်းသဖွယ်သဘောထား ကြသည့် ခေတ်ဟောင်းအယူအတွေးတို့မှသည် ယနေ့ခေတ် ပြန်လည် ပြင်ဆင်မွမ်းမံအသုံးပြုခြင်းဟူသည့် ခေတ်မီသည့် ကမ္ဘာ့အမြင် ကမ္ဘာစနစ်ကို ဦးတည်လာခြင်းသည်မှာလည်း အားရဖွယ်ဖြစ်ပါသည်။ အားကစားကွင်များကို ဖျက်သိမ်း၍ ကွန်ဒိုတိုက်ကြီးများ၊ ရှော့ပင်း စင်တာများကို တည်ဆောက်ကာ စီးပွားရှာခဲ့ကြခြင်းဖြင့် အားကစားကွင်း များ ပျောက်ဆုံးသွားခဲ့သည်မှာ သင်ခန်းစာယူစရာဖြစ်ပါသည်။

 

သမိုင်းအမွေအနှစ်များသည် ငွေကြေးစီးပွားထက်များစွာပိုမိုတန်ဖိုးရှိသည်ကို အလေးအနက်ပြုစရာပင်။

 

အောင်ဆန်းအားကစားကွင်းကြီး၏ လက်ရှိအနေအထားကို ပိုမို တိကျသည့် စစ်ဆေးဆန်းစစ်မှုများပြုလုပ်ပြီး မည်သို့ပြန်လည် အသုံးချနိုင်မည်၊ သို့မဟုတ် မည်သို့ပြင်ဆင်ထိန်းသိမ်းရမည်၊ သို့မဟုတ် မည်သို့ ပြုပြင် တည်ဆောက်ရမည်တို့ကို အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်သွားမည်၊ မည်သို့ပြုလုပ်ဆောင်ရွက်ရသည်ဖြစ်စေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ပြည်သူလူထု၏ တန်ဖိုးထားမှုက အရေးကြီးသည်ဟု ဒုတိယဝန်ကြီး ဒေါက်တာမလေးစိန်က ဆွေးနွေးပွဲနိဂုံးချုပ်တွင် မှတ်ချက်ပြုသွားသည်ဟု သိရသည်မှာ နိုင်ငံ၏အရေးပါသော အမွေအနှစ် တစ်ခုကို တန်ဖိုးထားဖို့လိုကြောင်းနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍကို ဦးစားပေးရှေးရှုရမည် ဖြစ်ကြောင်းတို့ကို မီးမောင်းထိုးပြသွားခြင်း ပေတည်း။ ။

 

မြန်မာ့အလင်း