နေပြည်တော် စက်တင်ဘာ ၂၈
အားကစားလောက တိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်လေ့ကျင့် ကစားနိုင်စေရေးနှင့် အားကစားပြိုင်ပွဲများ အဆင့်အတန်း မြင့်မြင့် လာရောက်ကြည့်ရှု အားပေးနိုင်စေရေး စည်းရုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် အားကစား အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် နောင်တည်ဆောက်မည့် အားကစားကွင်း/ အားကစားရုံများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မီစွာ တည်ဆောက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က လမ်းညွှန်မှာကြား သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်သို့ ရောက်ရှိခဲ့ရာ ပန်းတနော် မြို့နယ်အားကစား ကွင်း/ အားကစားရုံတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ မှာကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် အားကစားခန်းမကို ကြည့်ရှု စစ်ဆေးပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက်တွင် အကြီးစားပြင်ဆင်ဆောင်ရွက်နိုင်ရေး လျာထားရေးဆွဲသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် မြို့နယ်မိုးလုံလေလုံ အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး ကြက်တောင်အားကစားနည်းနှင့် ပိုက်ကျော်ခြင်း အားကစားနည်းတို့အတွက် လိုအပ်သော အားကစားအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မှာကြား၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘောလုံးကွင်းပွဲကြည့်စင် အသစ်တည်ဆောက်မည့် မြေနေရာနှင့် အားကစားနှင့် ကာယ ပညာသိပ္ပံ တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
သတင်းစဉ်