လွိုင်ကော် ဇန်နဝါရီ 

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၏ မီတာ (၄၀၀) Synthetic ပြေးလမ်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သော မီတာ(၄၀၀) Synthetic ပြေးလမ်းသည် တိုင်းဒေသကြီး/ ပြည်နယ်များအနက် ()ခု မြောက် ဖွင့်လှစ်နိုင်ခဲ့သော ပြေးလမ်းကြီးဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် ယခုကဲ့သို့ စံချိန်မီ ပြေးလမ်းကြီးအား ဖော်ဆောင်ခဲ့ရသည့်အတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီးနှင့် ပြည်နယ်အား/ကာ(သိပ္ပံ)မှ တာဝန်ရှိသူများ၏ အားစိုက်မှုကြောင့် ဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် မိမိတို့ ပြည်နယ်အနေနှင့် အားကစားကဏ္ဍတွင် နိမ့်ကျမှု မရှိဟု ပြောလိုပါကြောင်း၊ ယင်းအတွက်ကြောင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် စိတ်ဓာတ်ခွန်အား တစ်ခုဖြစ်ပါကြောင်း၊ ယခုမီတာ(၄၀၀) ပြေးလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၄၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်မှ ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကာယကံရှင်များ ကိုယ်တိုင် ကြိုးပမ်းအားထုတ်ကာ ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များ တတ်စွမ်းသမျှ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ၏ မီတာ(၄၀၀)Synthetic ပြေးလမ်းအား ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြေးလမ်းတာဝန် ယူဆောင်ရွက်ခဲ့သည့် REVA Co.,Ltd မှ ကိုယ်စားလှယ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

 

ယင်းနောက် တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော် ပညာရေး ကောလိပ်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)မှ သင်တန်းသား၊ သင်တန်းသူများ၏ Fitness Dance ဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆု ငွေကျပ် (၁၀)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) သင်တန်းသား၊ သင်တန်းသူများက မီတာ (၁၀၀)၊ မီတာ (၂၀၀)၊ မီတာ (၄၀၀) အပြေးပြိုင်ပွဲများကို သရုပ်ပြသဆောင်ရွက်ခဲ့ပြီးနောက် ကစားကွင်း တည်ဆောက်ထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထွန်းလေး