နေပြည်တော်၊ ဇူလိုင်  ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။ 
အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပညာရှာသည့်အချိန်တွင် ပညာတစ်ခုတည်းကိုသာ ဆက်လက်ဆည်းပူးလေ့လာသွားရန်နှင့် နိုင်ငံတော်က အားကိုးရသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်း ဖန်တီးနိုင်ရေးအတွက် တက္ကသိုလ်ပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာန၏ စေတနာကို သိရှိနားလည်ပြီး ရိုးသား၊ ကြိုးစား၊ စေတနာထား၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်နှင့် မိမိတို့သား/ သမီးများကို ပညာထူးချွန် ထက်မြက်ပြီး လူတော်လူကောင်းများဖြစ်အောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

mdn


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာ ဂုဏ်ထူးရရှိသူတစ်ဦးနှင့် လေးဘာသာ ဂုဏ်ထူးရရှိသူ နှစ်ဦးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက် တို့က နှစ်ဘာသာ ဂုဏ်ထူးရရှိသူတစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ သုံးဦးတို့ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်