နေပြည်တော် ဩဂုတ် ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက် ၃ ရပ်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး” ၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် စတင်ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင် အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထူးခြားသည့်အင်အားစုတစ်ရပ်ဖြစ်သည့်အတွက် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများ အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး လူငယ်ဆိုင်ရာကဏ္ဍ (၁၆)ခုတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အခမ်းအနားတွင်ဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန (နေပြည်တော်)နှင့် လူငယ်ရေးရာဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနက်မှ ဝန်ကြီးဌာနတွင်း/ ဌာနပြင်ပ သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်း ၆ ဦး ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အတွင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မိမိတို့ဝန်ကြီးဌာနမှ အားကစားသမား စုစုပေါင်း ၁၃ ဦးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေ ကျပ်(၅၁)သိန်းတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍတွင် စည်းကမ်းရှိရှိ၊ တာဝန်သိသိဖြင့် မိသားစုညီအကို မောင်နှမသဖွယ် စည်းစည်းလုံးလုံး ပျော်ရွှင်စွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်းအားကစားသမား များနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


