နေပြည်တော်၊ ဖေဖော်ဝါရီ ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၅၀၊ ၅၃၅၁ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၁၂၂ နှင့် ၃၃၉၉ တို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့သည် ဇေယျသိဒ္ဓိရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် ၃၅ နှင့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၃၊ ၇၄၇၊ ၈၂၁ နှင့် ၈၂၂ တို့ကို လည်းကောင်း အဖွဲ့များခွဲ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေ၊ ရေ၊ မီး သုံးစွဲမှုအခြေအနေများ၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အိမ်ရာစည်းကမ်းများအတိုင်း နေထိုင်မှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် အိမ်ရာများအလိုက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အိမ်ရာများတွင် ပေးပို့ထားသည့် အိမ်ထောင်စုစာရင်းများအပြင် အခက်အခဲ တစ်စုံတစ်ရာကြောင့် ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်လိုပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြ၍ ဧည့်စာရင်း တိုင်ကြားပြီးမှသာ နေထိုင်သွားရန်နှင့် လုံခြုံရေးအသိထားရှိပြီး သတိပြုဂရုစိုက်နေထိုင် သွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်