အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲ ၊ အာရှလူငယ်အားကစားပြိုင်ပွဲ ၊ အာရှအားကစားပြိုင်ပွဲ များသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး
ရန်ကုန် သြဂုတ် ၁၀
ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစား သမားများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် က အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်လှေလှော် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် လှေလှော်အားကစား သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့်လှေလှော်အားကစားနည်း အဆင့်အ တန်း တိုးတက်မြင့်မား လာစေရေးတို့အတွက်ဖြစ်ကြောင်း၊ လှေလှော် အားကစား နည်းဆောင်ပုဒ်ဖြစ်သည့် လှေခွက်ချည်းကျန်အလံမလဲ သေသည့်တိုင်အောင် တက်ကိုဆောင်၊ တက်ညီလက်ညီရှေ့သို့ချီ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပထမနေ့ ပွဲစဉ်များဖြစ်သည့် မီတာ (၂၀၀) အမျိုးသား/အမျိုးသမီး (၇)တက်လှေပြိုင်ပွဲ၊ မီတာ(၂၀၀) အမျိုးသား/အမျိုးသမီး (၁၀)တက်လှေပြိုင်ပွဲ၊ မီတာ(၂၀၀)Mixed (၁၀)တက်လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရေကူး၊ ပြေးခုန်ပစ်၊ ထိုင်လျှက်ဘော်လီဘော အားကစား အဖွဲ့များ၏ နေထိုင်၊စားသောက်ရေးနှင့် လေ့ကျင့်နေမှုများကိုလည်းကောင်း၊ တာမွေမြို့နယ်၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားဝင်းအတွင်း ရှိ ဝူရှူး အားကစားလေ့ကျင့်ရေးရုံ၌ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ၊ မကာအိုမြို့တွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာရှလူငယ်အား ကစားပြိုင်ပွဲ နှင့် ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစား သမားများ၏လေ့ကျင့်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ပြန်ရောက်ရှိပြီး လှေလှော်ပြိုင်ပွဲ ပထမနေ့ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ ၊တတိယဆု ရရှိကြသောအသင်များအား ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပေးအပ်ကြသည်။
သတင်းစဉ်


