နေပြည်တော် ၃၀ ဇူလိုင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှုအစီအစဉ်မှ အခြေခံပညာ အထက်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Economic & Commercial Counsellor Mr. Tan Shufu ၊ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌ Mr. Li Zilin ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု Corporate Social Responsibility (CSR) အစီအစဉ်မှ ပိုက်လိုင်းဖြတ်သန်းသွားသည့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ရှိ အခြေခံပညာအထက်တန်းကျောင်း ၂၀ ကျောင်းတို့သို့ အားကစားပစ္စည်းများ၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ဆောက်မည့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်းအခမ်းအနား ဖြစ်ပါကြောင်း။
ပိုက်လိုင်းဖြတ်သန်းသွားသော ဒေသများတစ်လျှောက်မြို့နယ်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်များကို ၂၀၁၂ ခုနှစ်မှစပြီး နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်အရ ထောက်ပံ့ပေးမှုအပိုင်းတွင် အရေအတွက် (၁၉)မျိုးပါ အားကစားပစ္စည်း (၁၃)စုံ၊ အရေအတွက် (၁၇၂)မျိုးပါ သိပ္ပံလက်တွေ့ခန်း သုံးပစ္စည်း (၁၁)စုံနှင့် သုံးထပ်ကျောင်းဆောင် သစ်တစ်ဆောင် ပါဝင်မည်ဖြစ်ပါကြောင်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆၂၉ သိန်း ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းအတွက် ငွေကျပ်သိန်း ၄၈၇၀ ကုန်ကျမည်ဖြစ်သဖြင့် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်း ဆောင်သစ်တစ်ဆောင်အတွက် စုစုပေါင်း ငွေကျပ်သိန်း ပေါင်း ၅၄၉၉ သိန်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ပိုက်လိုင်းဖြတ်သန်းသွားသည့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (၄)ကျောင်းအတွက် အားကစားပစ္စည်း(၂)စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်း(၂)စုံတို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်၊ ငဖဲ၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူးမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း (၅)ကျောင်းအတွက် အားကစားပစ္စည်း (၄)စုံနှင့် သိပ္ပံလက်တွေ့ ခန်းသုံးပစ္စည်း (၂)စုံတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်၊ ပုသိမ်ကြီး၊ ကျောက်ပန်းတောင်း၊ အမရပူရ၊ စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်းအတွက် အားကစားပစ္စည်း (၃) စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်း (၃) စုံတို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် နောင်ချို၊ နမ့်ခမ်း၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူမြို့ နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်းအတွက် အားကစားပစ္စည်း (၄)စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်း (၄)စုံတို့ကိုလည်းကောင်း၊ စုစုပေါင်း အခြေခံပညာ အထက်တန်းကျောင်း (၂၀)ကျောင်းတို့တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောက်လုပ်လှူဒါန်းထားသော သုံးထပ်ကျောင်းဆောင်သည် အလျား ပေ ၂၁၀ x အနံပေ ၃၀ x အမြင့် ၃၆ ပေ သုံးထပ်ကျောင်းဆောင်ဖြစ်ပြီး ပေ ၃၀ x ၂၄ x ၁၂ ကျယ်ဝန်းသော စာသင်ခန်း ၁၈ ခန်းပါဝင်ပါကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၅၀ ဖြင့် သက်တောင့်သက်သာ စာသင်နိုင်ပြီး၊ ပရိဘောဂများအနေဖြင့် ကျောင်းသား/ကျောင်းသူများအတွက် စားပွဲနှင့် ထိုင်ခုံ ၂၇၀၊ ဆရာ/ဆရာမများအတွက် စားပွဲနှင့်ကုလားထိုင် ၁၈ စုံ၊ Blackboard ၁၈ စုံပါဝင်ပါကြောင်း။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတစ်လျှောက်ရှိ ဒေသများတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ပညာရေးကဏ္ဍတွင် လုပ်ငန်း (၁၂၈)ခု၊ ကျန်းမာရေးကဏ္ဍတွင် လုပ်ငန်း (၄၀)ခု၊ လူမှုရေးကဏ္ဍတွင် လုပ်ငန်း (၁၁၇)ခု စုစုပေါင်း လုပ်ငန်း (၂၈၅)ခုအတွက် အမေရိကန်ဒေါ်လာ (၂၇ ဒသမ ၇၄) သန်းခန့်ကို လှူဒါန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ဆောင်ရွက်ခဲ့သော လူမှုရေးတာဝန်သိမှု အစီအစဉ်များကို Video Clip ဖြင့် ပြသသည်။
ဆက်လက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက်လှူဒါန်းခြင်းအမှတ်တရ ဂုဏ်ပြုပန်းချီကားကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Economic & Commercial Counsellor Mr. Tan Shufu မှ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်ထံသို့ သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်းများကို လည်းကောင်း၊ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌ Mr. Li Zilin မှ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်ထံသို့ အားကစားပစ္စည်းများကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လှူဒါန်းထားသော အားကစားပစ္စည်းများနှင့် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်