မေ ၁၃၊ ၂၀၂၂

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ  လက်ရွေးစင်အားကစား သမားများက အားကစားနည်း  အမျိုး ၂၀  ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မေလ ၁၁ ရက်နေ့တွင်ကျင်းပသည့် Kurash အားကစားနည်း +၈၇ ကီလိုတန်း  ဆီမီးဖိုင်နယ်ပွဲစဉ်နှင့်     ဗိုလ်လုပွဲ ပွဲစဉ်များကိုကျင်းပရာ   မြန်မာအားကစားသမား မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူး ပေးလိုက်သည်။

မအေးအေးအောင်သည် ပွဲဦးထွက်အကြိုဗိုလ်လုပွဲတွင် ပြိုင်ဘက်အသင်း ဖြစ်သော  ထိုင်းအားကစားသမားကိုလည်းကောင်း၊   ဆီမီးဖိုင်နယ်တွင်  အိမ်ရှင် ဗီယက်နမ်အားကစားသမားကိုလည်းကောင်း အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲတွင်  ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဖိလစ်ပိုင်အားကစားသမားကို အနိုင်ရရှိခဲ့ပြီး  မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံက ဒုတိယဆု ငွေတံဆိပ်ရရှိပြီး အိမ်ရှင်ဗီယက်နမ်က တတိယဆု ကြေးတံဆိပ်တို့ကို အသီးသီး  ဆွတ်ခူးရရှိခဲ့သည်။ 

ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်  အခမ်းအနားသို့တက်ရောက်၍  အောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီး  “အားကစားအောင်နိုင်ရေးသည် မြန်မာတစ်မျိုးသားလုံး၏  မျှော်လင့်ချက်ဖြစ် ကြောင်း၊  အနိုင်ရရှိသည့် ပြိုင်ပွဲတိုင်းတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားလွှင့်ထူပြီး  ကျန်ပြိုင်ပွဲဝင်နိုင်ငံများမှ အလေးပြုရသည့်မြင်ကွင်း၊ မြန်မာ အားကစားသမားများ၏ နိုင်ငံတော်သီချင်းသီဆိုအောင်ပွဲခံနေသည့်  မြင်ကွင်းများ ကို ပြည်သူတစ်ရပ်လုံးမြင်တွေ့လိုကြောင်း” ပြောကြားခဲ့သည်။
မြန်မာအာ
းကစားသမားများသည်   ပြည်သူတစ်ရပ်လုံး   မြင်တွေ့လိုသည့် ဆန္ဒများကို ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်လျက်ရှိသည်။ ယခုအခါ အားကစား နည်းတစ်မျိုးတွင် ပြိုင်ပွဲအဆင့်ဆင့်နှင့်ဗိုလ်လုပွဲ၌ ပြိုင်ဘက် အားကစားသမား များကို အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုကို ပွဲဦးထွက်ဆွတ်ခူးပေးနိုင်ခဲ့ရာ  နိုင်ငံတော်အတွက် ဂုဏ်ယူစရာဖြစ်ပြီး ပြည်သူများအားလုံးလည်း ဝမ်းမြောက် ဝမ်းသာဖြစ်နေကြလိမ့်မည်ဖြစ်သည်။  (၃၁) ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းအမျိုး ၂၀ ၌ မြန်မာအားကစားသမား ၂၉၃ ဦးနှင့် အုပ်ချုပ်သူ၊ နည်းပြ၊ ထောက်ပံ့ရေးအဖွဲ့ဝင် စုစုပေါင်း ၄၂၈ ဦး ပါဝင်ပြီး  နေ့စဉ် ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။ 

မြန်မာအားကစားသမားများအနေဖြင့် ပွဲမဝင်မီကတည်းက နိုင်ငံတော်နှင့် လူမျိုးအတွက် ပွဲဝင်အောင်ပွဲဆင်နိုင်အောင် အသင့်ပြင်ဆင်ထားခဲ့ကြပြီး နိုင်ငံတော် အနေဖြင့်လည်း စိတ်ဓာတ်ခွန်အားများနှင့် အထောက်အပံ့များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည်။ ထို့အပြင် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ၌ နိုင်ငံတော်အကြီးအကဲက ဆုရအားကစားသမားများအတွက် ရွှေတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်(တစ်ဦးချင်း)ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များနှင့် နည်းပြ၊ အုပ်ချုပ်မှုအဖွဲ့များပါမကျန် ဆုရမှုအဆင့်အလိုက် နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာ့အားကစားကို  တစ်ခေတ် ပြန်လည်ဆန်းသစ်လာစေရန်အတွက် အစဉ်တစိုက်အားပေးမြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပြီး ထောက်ပံ့ချီးမြှင့်ပေးမှုများကိုလည်း ထူးထူးကဲကဲဆောင်ရွက်ပေးနေ သည်ကိုတွေ့ရသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ယခင်က ရရှိခဲ့သော အောင်မြင်မှုများထက် ထူးကဲသာလွန်အောင် ရေကုန်ရေခန်းကြိုးပမ်း ယှဉ်ပြိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်အပိုင်းမှ မြန်မာ့အားကစား ကို အကောင်းဆုံးမြှင့်တင်အားပေးလျက်ရှိသကဲ့သို့ အားကစားသမားတစ်ဦးစီအနေ ဖြင့်လည်း နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာမြင့်မားလာရေးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အစွမ်းကုန်ယှဉ်ပြိုင်နေကြသည်။ အားကစားသမားကောင်း စိတ်ဓာတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့၏ဂုဏ်ကို  မြှင့်တင်နေကြပေသည်။

သို့ဖြစ်ရာ နိုင်ငံတကာအလယ်တွင် အမိနိုင်ငံတော်အလံ၊ အမိနိုင်ငံတော်သီချင်း  ကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူသီဆိုကြသည့် မြင်ကွင်းများအား ခံစားကြရသည့် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ဝမ်းမြောက်ဂုဏ်ယူမှုများမှာ အတိုင်းအဆမရှိ ဖြစ်ကြမည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း ဂုဏ်မြင့်စရာဖြစ်၍ ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် များ အမြောက်အမြားရရှိအောင်  ကြိုးပမ်းယှဉ်ပြိုင်နိုင်လိမ့်မည်ဟု  ယုံကြည်ပါ ကြောင်း။        ။

ကြေးမုံ