နေပြည်တော် ၈ ဇန်နဝါရီ
အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များရေးဆွဲခြင်းအပေါ် သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်(အားကစား) ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခု ကျင်းပသည့် အစည်းအဝေးသည် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များအား ဌာနခွဲများ၊ အားကစားသိပ္ပံ ကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်ပြမှုများကို ပြန်လည်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သုံးသပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် နိုင်ငံအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံတင်ပြ လိုပါက ဖြည့်စွက်တင်ပြနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးတို့က ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ယင်းနောက် စီမံချက်အသီးသီး၏ ဆွေးနွေးတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆွေးနွေးသုံးသပ်ပြောကြားရာတွင် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံ တိုးချဲ့မှု ပြင်ဆင်ရေးကိစ္စရပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး(၄) ခုတွင် ဝန်ထမ်းဖွဲ့စည်းပုံ တိုးမြှင့်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ၊ ဟားခါး၊စစ်တွေ သိပ္ပံကျောင်းများတွင် ဝန်ထမ်းတိုးမြှင့် ခန့်အပ်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြက်ဖြတ်စက် တောင်းခံထားရှိမှု အခြေအနေများ၊ အားကစား ကွင်း/ရုံများ ပြုပြင်ထိန်းသိမ်းမှု အခြေအနေ၊ သဘာဝဘေးဒဏ် ကျရောက်မှု၊ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ကွင်း/ရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ဘောလုံးကွင်း၊ အားကစားရုံလိုအပ်မှု အခြေအနေ၊ ဘဏ္ဍာရေးနှစ် အလိုက် ထပ်မံတည်ဆောက်ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ရေကူးကန် ထပ်မံတည်ဆောက်ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ဌာနခွဲများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအလိုက် အားကစား လှုပ်ရှားမှု မြင့်မားစွာဆောင်ရွက်နိုင်ရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင် အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာနိုင်စေရေးကိစ္စရပ်များ၊ အားကစားနှင့် ကာယပညာကျောင်းသားအသစ် ရွေးချယ်ရာတွင် ပညာရေးနှင့် အားကစား အခြေခံကောင်းမွန်ပြီး ဉာဏ်ရည်မြင့် သင်တန်းသားများ ရွေးချယ်နိုင်ရေးကိစ္စ ရပ်များ၊ သိပ္ပံကျောင်းများ စာသင်ခန်းတိုးချဲ့မှု၊ ကွန်ပျူတာအခန်းထားရှိမှု ကိစ္စရပ်များကို သုံးသပ်ဆွေးနွေး ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်ပြောကြားခဲ့ ကြောင်းသိရသည်။
သတင်းစဉ်


