နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အထက် အရာထမ်းများနှင့်တွေ့ဆုံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထပ်ဆင့် ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါးနှင့် စစ်တွေ)တို့မှ ကျောင်းအုပ်ကြီးများက In person စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်)တို့မှ ကျောင်းအုပ်ကြီး များက Video Conferencing စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏အနာဂတ်အတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစပြီး မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန် ထက်မြက်ပြီး လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် အသိပညာ၊ အတတ်ပညာရှင်များ များစွာလိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ပညာရည် မြင့်မားရေးနှင့်တန်းတူ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများဖြစ်လာစေရန် ပဓာနကျပါကြောင်း၊ အားကစားကဏ္ဍ မြင့်မားလာရေး နှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာ သင်ကြားသည့် အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက် လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း။

 

အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန် လိုကြောင်း၊ အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း အားကစား ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ပေါင်းစပ်၍ ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းပြန်လည် ဦးမော့လာစေရေးနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးခြင်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညီညီက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် တာဝန်ယူဆောင်ရွက်နေမှုအခြေအနေများကိုတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က ရက်ပေါင်း(၁၀၀) စီမံချက်အဖြစ် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရန် လုပ်ငန်းအစီအမံ၊ လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို အသေးစိတ် စနစ်တကျရေးဆွဲပြီး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်