ရန်ကုန် ၇ ဇန်နဝါရီ
နိုင်ငံအတွင်းရှိ ပြည်သူများကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် နိုင်ငံခြားပညာရှင်များ ဟောပြောဆွေးနွေးမည့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပသော “အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံ"ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ဇန်နဝါရီ ၂၂ ရက် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါ အားကစားသိပ္ပံပညာနှင့် အားကစား ဆေးပညာဆိုင်ရာညီလာခံ၌ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ ယူအက်စ်နှင့် ကိုရီးယားနိုင်ငံ တို့ရှိ ကမ္ဘာကျော်အားကစားနှင့် ကျန်းမာရေးဆိုင်ရာ ပါမောက္ခများအပါအဝင် ပညာရှင် ၁၂ ဦးတို့က လာရောက် ဟောပြောဆွေးနွေးကြမည်ဖြစ်သောကြောင့် ပြည်တွင်းမှ ဆရာဝန်များ၊ ဆေးပညာနယ် အသီးသီးမှ ပညာရှင်များ၊ အားကစားသမားများ၊ အားကစားကဏ္ဍနှင့် သက်ဆိုင်သော စီးပွားရေးလုပ် ငန်းရှင်များ၊ အားကစားနှင့် ကျန်းမာရေးလိုက်စား cappup Gym trainerepi Coach apoi Instructor များ အပါအဝင် မြန်မာ့အားကစား တိုးတက်ရန် စိတ်ဝင်စားကြသူများအနေဖြင့် မိမိလေ့ကျင့်နေသည့် အားကစားအတွက် သိပ္ပံနည်းကျ နည်းစနစ်များနှင့် အားကစားဆိုင်ရာ ဆေးပညာရပ်များအပြင် ဆောင်ရန်ရှောင်ရန်နှင့် မှတ်သားစရာ အချက်များကိုပါ ဗဟုသုတစုံလင်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက ပြောကြားသည်။
ညီလာခံတက်ရောက်သူများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တက်ရောက် ပြီးဆုံးကြောင်း (Certificate) လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ညီလာခံ၌ မြန်မာဘာသာပြန်စက်များ နှင့် နားကြပ်များလည်း စီစဉ်ထားပေးမည်ဖြစ်ကြောင်း၊ လူဦးရေကန့်သတ်ထားသဖြင့် စိတ်ပါဝင်စား သူများအနေဖြင့် တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ရုံးနှင့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ Hotel Lexus တို့၌ဇန်နဝါရီ ၄ ရက်မှ ၁၅ ရက်အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အဆိုပါညီလာခံ၌ ပြခန်းများ ပါဝင်မည်ဖြစ်ပြီး Gym များ၊ ကျန်းမာရေးနှင့် သက်ဆိုင်သော အစားအသောက်နှင့်အချိုရည်များ၊ အားကစားနှင့် ပတ်သက်သောလုပ်ငန်းများ၊ အားကစားကိရိယာဆိုင်များ၊ ဆေးကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများမှ ပြခန်းများဖြင့် ပါဝင်ခင်းကျင်းပြသကြမည် ဖြစ်ကြောင်း သိရသည်။
ပွင့်သစ္စာ