နေပြည်တော် ၉ အောက်တိုဘာ
ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁) ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဘက်မှ Covid-19 Second Wave တွင် ကုသရေး၊ တိုက်ဖျက်ရေးနှင့် သေဆုံးမှုနှုန်း လျော့ကျရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အားကစားဘက်မှ ကုသရေးအပိုင်းတွင် မပါဝင်နိုင်သော်လည်း ကာကွယ်ရေးဘက်တွင် ပြည်သူလူထု၏ (Immunity) ကိုယ်ခံအားကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဆိုင်ရာဆောင်ရွက်ချက်များ၊ ပညာပေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်မှုကို တွေ့ရှိနေပါကြောင်း၊ ထိုကဲ့သို့ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသတိုက်ဖျက်ခြင်းကို ထိရောက်စွာ ထိန်းချုပ် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်တို့က ရှေ့လာမည့် (၅)နှစ်အတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ ရုံဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် တင်ပြဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


