အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ  ၆ ရက်နေ့မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သောလေဖိအားနည်းရပ်ဝန်း(LowPressure Area) သည် ပိုမိုအားကောင်းလာခဲ့ပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် နောက်(၁၂)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ (၈.၁၂.၂၀၂၂)ရက်နေ့၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်းပိုမိုအားကောင်းလာနိုင်ကာ၊ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

 

(ခ)   သတိပေးနှိုးဆော်ချက်  

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) ၏အရှိန်ကြောင့်ယနေ့နံနက်မှ နောက်(၇၂)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ(၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

 

(ဂ) အကြံပြုချက်

သို့ဖြစ်ပါ၍အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low PressureArea) ၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

Credit> မိုး/ဇလ