၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန် ထုတ်ပြန်ချက်

 

(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ပတ်တု (အ) ခါလီမြို့အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

 

(ခ) နောက် (၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်နိုင်ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

(ဂ) သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

 

အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

Crd> မိုး/ဇလ