မန္တလေး ၁၄ အောက်တိုဘာ
Myanmar Aikiikai New Organization မှ ကြီးမှူး၍ မန္တလေးအာကီဒိုသင်တန်းများ၏ အနှစ်(၂၀) ပြည့်အထိမ်းအမှတ် အာကီဒိုနှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာအကီဒိုသရုပ်ပြသပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အဆင့်မြင့် အားကစားကွင်းရှိ Multipurpose Stadium ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံအလိုက် အားကစားအဖွဲ့များက အာကီဒိုပညာရပ်ဆိုင်ရာများကို အသီးသီး သရုပ်ပြသကြရာ မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီများမှနာယကများနှင့် တာဝန်ရှိသူများ အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အားကစားသမားများ၏ မိဘဆွေမျိုးများ တက်ရောက် ကြည့်ရှုအားပေးကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
"တစ်နိုင်ငံနှင့် တစ်နိုင်ငံ အားကစားသမားတွေ အချိတ်အဆက်တွေ အများကြီးရလာပြီး နိုင်ငံတကာ အခွင့်အလမ်းနှင့် အသိပညာဗဟုသုတတွေ တိုးပွားလာမယ်။ နိုင်ငံအသီးသီးရဲ့ယဉ်ကျေးမှုနဲ့ အာကီဒိုပညာရပ်တွေ နှီးနှောဖလှယ်နိုင်မယ့်အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အကီကိုင်းအဖွဲ့ချုပ်အတွင်းရေးမှူး နည်းပြဆရာ ဦးကျော်သီဟ က ပြောသည်။
“အကီဒိုပညာရပ်က ဂျပန်နိုင်ငံကနေစတင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင် ရောက်ရှိပြန့်ပွား လာခဲ့တာပါ။ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို အရင်ဆုံး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလို နိုင်ငံတကာ အာကီဒိုနှီးနှောဖလှယ်ပွဲတွေ နှစ် (၆၀)ပြည့်ကို ၂၀၁၃ ခုနှစ်တုံးက ရန်ကုန်မှာပြုလုပ်ခဲ့ပါတယ်။ မန္တလေးကတော့ ပထမဦးဆုံးပါ။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတကာနှီးနှောဖလှယ်ပွဲနဲ့ သရုပ်ပြပွဲတွေ ဆက်လက်ပြုလုပ် သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အာကီဒိုအားကစားနည်းက သိတော့သိတယ်။ ဒါပေမယ့် လုံးဝမာရှယ်အတ်စစ်ဖြစ်တာကြောင့် ပြိုင်ပွဲတွေလည်းမရှိပါဘူး။ စိတ်ဝင်စားမှုတွေ များပြားလာအောင်လို့ အခုလိုသရုပ်ပြပွဲတွေ များများပြုလုပ်ပေးရမှာပါ။ Myanmar Aikikai New Organization(မြန်မာအကီကိုင်းအဖွဲ့ချုပ်)က ပြင်ဦးလွင်မြို့မှာရှိပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာကြီးဦးမြစိန်ရဲ့ သင်ကြားပြသဦးဆောင်မှုနဲ့ မန္တလေးမြို့မှာ Branch နှစ်ခုနဲ့ အာကီဒိုနည်းပညာရပ် တွေပြန့်ပွားအောင်ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အာကီဒိုသရုပ်ပြသပွဲတွင် ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ စကော့တလန်၊ ဂူအမ်၊ ပြင်သစ်တို့မှ အာကီဒိုအားကစားသမားများနှင့်မြန်မာနိုင်ငံမှအားကစားသမား စုစုပေါင်း ၈၀ ဦးတို့ ပါဝင်သရုပ်ပြသခဲ့ကြသည်။
တင်မောင်(မန်းကိုယ်ပွား)


