အားလပ်ရက်မှာ စိတ်အပန်းဖြေစရာ ဓနုဖြူဥမ္မာဒန္တီကမ်းခြေမှာ

ဓနုဖြူ ၁၂ ဖေဖော်ဝါရီ

 


ဥမ္မာဒန္တီကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများနှင့် လမ်းခရီးသွားရင်း ဝင်ရောက် အပန်းဖြေသူများ များပြားသထက်များပြားလာပြီဖြစ်သည်၊ ဥမ္မာဒန္တီမင်းသမီးအား အစွဲပြု၍ တင်စားခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

သဘာဝကပေးတဲ့ ဓနုဖြူမြို့၏ ဥမ္မာဒန္တီကမ်းခြေလေးမှာ နံနက်ခင်းပဲဖြစ်ဖြစ် ညနေနေဝင်ချိန် လေးမှာဖြစ်ဖြစ် သဘာဝရဲ့ အရသာကိုခံစားကာ မြစ်ဧရာအတွင်းမှ တိုက်ခတ်လာတဲ့ လေနုအေးလေးကို ခံစားရင်း အားလပ်ချိန်လေးများတွင် သူငယ်ချင်းများနှင့် မိသားစုများ ပျော်ပျော်ပါးပါး ရေပြင်ကျယ်ထဲမှာ ရေဆော့ကစားကာ ကမ်းခြေရှိ ဆိုင်များမှ သဘာဝအုန်းရည်၊အသုပ်များ၊ ငါးကင်နှင့်ဂုံးသုပ်၊ ခရုသုပ်လေးများ စားသုံးရင်း သဘာဝအရသာကို ခံစားနိုင်မည်ဖြစ်သည်။

 

သမိုင်းဝင် ကျိုက္ကလွန်ဗွန်းစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း မဝေးလှသော နေရာလေး တစ်ခုတွင် တည်ရှိသောကြောင့် ဘုရားဖူးရင်းအပန်းဖြေနိုင်သည့် နေရာတစ်ခုပင်ဖြစ်ပါသည်။ မြစ်ကမ်းပါးဖြစ်သော်လည်း မြေပြင်ညီညာကာ ဆင်ခြေလျှောကမ်းခြေရှိသောကြောင့် ရေဆော့ကစားရာတွင် စိုးရိမ်မှုကင်းစွာ ရေဆော့ကစားနိုင်သည်။

 

မြစ်ကမ်းပါးမှနေ၍ နေထွက်ချိန်လေးပဲကြည့်ကြည့် ညနေနေဝင်ချိန်လေးပဲကြည့်ကြည့် သဘာဝ ကျူရိုး၊ ကိုင်းရိုး တဲလေးများထဲမှနေ၍မြစ်ကမ်း၏ သဘာဝအလှတရားက ပေါ်လွင်နေသောကြောင့် လာရောက် အပန်းဖြေသူများအတွက် စိတ်ကြည်နူးစေကာ ပျော်ရွှင်ကြည်နူးစရာများကို ပေးစွမ်းနိုင်သည်၊ မြို့အတွင်းမှ လုပ်ငန်းရှင်များ ရုံးသမားများမှ အထိမ်းအမှတ်ပွဲများကို ယခုဆိုရင် သဘာဝဆန်ဆန် ကမ်းခြေတွင် လာရောက်ပြုလုပ်နေကြပြီး ကမ်းခြေ၏သဘာဝ သဲသောင်ပြင်တွင် ဘောလုံးဆော့ကစားသူ၊ ခြင်းလုံး ဆော့ကစားသူများ၊ ဆိုင်ကယ်၊စက်ဘီးစီးနင်းသူများနှင့် ရေဆော့ကစားသူများ စည်ကားလျက်ရှိသည်။

 

ယခုလို စနေ၊ တနင်္ဂနွေနှင့်ဆက်လျက် ရုံးပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် ပိုမိုစည်ကား လျက်ရှိပြီး ဓနုဖြူမြို့၏ ဂုဏ်ယူစရာ စိတ်အပန်းဖြေစရာ နေရာလေးတစ်ခုဖြစ်သည်။ မြို့ခံများကလည်း ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စနေနေ့တိုင်း စုပေါင်းအမှိုက်သိမ်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)