၃ မတ်

နိုင်ငံတကာခရီးသွားများအနေဖြင့် ပုဂံမြို့ရှိ အထင်ကရနေရာများကို လေ့လာလည်ပတ်ကြသလို သမိုင်းရာဇဝင် အသီးသီးဖြင့် တည်ထားခဲ့ကြသည့် ဟောင်းနွမ်းနေသော ရှေးဟောင်းဘုရားပုထိုး စေတီများကိုလည်း စိတ်ဝင် တစားကြည့်ရှုလေ့လာကြသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် အနုပညာလက်ရာများက စူးစမ်းလေ့လာချင် စရာကောင်းလှပြီး ဒေသထွက်ကုန်အစားအစာများက လည်း ၎င်းတို့အတွက် မြည်းစမ်းချင်စရာပင်။

“မြန်မာနိုင်ငံက သမိုင်းရာဇဝင်တွေ ပြည့်နှက်နေတဲ့ အံ့ဩစရာကောင်းတဲ့ တိုင်းပြည်တစ်ခုပါ။ ဒီသမိုင်းကြောင်းနဲ့အတူ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဗိသုကာ လက်ရာတွေ၊ ဘုရားပုထိုးစေတီတွေ ပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားတွေကလည်း နွေးထွေးပျူငှာကြပါတယ်” ဟု မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ်ရောက် ရှိနေသည့် အီတလီနိုင်ငံမှ မစ္စတူနီနတီပက်ထရီဇာက ပြောသည်။

 

a

 

လေ့လာလည်ပတ်

မစ္စတူနီနတီပက်ထရီဇာတို့အဖွဲ့တွင် ခရီးသွား ဧည့်သည် ၁၀ ဦးကျော် ပါဝင်ကာ ဖေဖော်ဝါရီ ၁၃ ရက်မှ မတ်လ ၂ ရက်အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထင်ကရ နေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ပခန်းကြီး၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး စသည့် နေရာများကို လေ့လာလည်ပတ်သွားမည်ဟု ၎င်းက ဆိုသည်။ ။

မစ္စတူနီနတီ ပက်ထရီဇာတို့ကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည် အရေအတွက်သည် နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၂ ဒသမ ၉ သန်း လာရောက်လည်ပတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်အတွင်း ၃ ဒသမ ၄၄ သန်းအထိ လာရောက်လည်ပတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသွားဧည့်သည် ရောက်ရှိမှုသည် ၂ ဒသမ ၈၁ သန်းဖြစ်ပြီး ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက “မြန်မာနိုင်ငံအတွက် ခရီးသွား လုပ်ငန်းဟာ အင်မတန်သင့်လျော် ကောင်းမွန်တဲ့ စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်လုပ်ကိုင်လို့ရပြီး လူငယ်တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း တွေ ရရှိစေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံလို မဖွံ့ဖြိုး သေးတဲ့နိုင်ငံတွေအတွက် အရေးပါတဲ့လုပ်ငန်းဖြစ်ပါ တယ်” ဟု ပြောသည်။

 

b

 

မီးခိုးမထွက်သည့် စက်ရုံလုပ်ငန်း

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်ဆင့်ခံနည်းလမ်းများဖြင့် စီးဝင်ရောက်ရှိစေသော အကျိုးကျေးဇူးများစွာရရှိသည့်အတွက် ခရီးသွားလုပ်ငန်း ကို မီးခိုးမထွက်သည့် စက်ရုံလုပ်ငန်းတစ်ခုဟုလည်း တင်စားကြသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများ ပေါ်ထွက်စေရေး၊ သွားလာမှုလွယ်ကူစေရေးနှင့် တည်းခိုနေရာများ တည်ရှိ လာစေရေး၊ စီမံခန့်ခွဲမှုဆိုင်ရာနိုင်နင်းရေးတို့အတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု တိုးတက်လာခြင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “မြန်မာနိုင်ငံကို ပြည်ပခရီးသည် ဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်းအသီးသီး တိုးတက်ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက်တစ်နှစ် ခရီးသည်တွေ တိုးတက်ဝင်ရောက်လာတာကို တွေ့ရှိရ ပါတယ်” ဟု ပြောကြားသည်။

 

c

 

ထိပ်ဆုံးက ပါဝင်

ထို့အတူ ခရီးသွားလုပ်ငန်းအမြန်ဆုံး ဖွံ့ဖြိုးတိုးတက် လာသည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးက ပါဝင်ကြောင်း ဗြိတိန်နိုင်ငံ Independent သတင်းစာနှင့် အမေရိကန်နိုင်ငံ Forbes စီးပွားရေး မဂ္ဂဇင်းတို့က ဖော်ပြခဲ့သည်။

လတ်တလောအခြေအနေ၌ ကူးစက်မှု မြင့်မားနေသည့် ကိုရိုနာဗိုင်းရပ်စ်သည်ပင် ခရီးသွားလုပ်ငန်းအပေါ် ရပ်တန့်နိုင်စွမ်းမရှိသည်ကို တွေ့မြင်ရကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက် မှုရှိသည့်တိုင် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် တိုးတက်လျက်ရှိကြောင်းနှင့် United Nations World Tourism Organization (UNWTO) Ecom ခရီးသွားအရေအတွက်သည် ၂၀၁၉ခုနှစ်အတွင်း ၁ ဒသမ ၅ ဘီလီယံရှိကာ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်းကိုလည်း ဖော်ပြထားသည်။

ခရီးသွားများ နှစ်စဉ်တိုးတက်

မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်လွယ်ကူစွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကာ တရုတ်နိုင်ငံက ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်တွင် တစ်သိန်း ရှစ်သောင်းကျော်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ခုနစ်သိန်း ငါးသောင်းနီးပါး တိုးတက်လာခဲ့သည်။ ထို့အတူ ဂျပန်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်တွင် တစ်သိန်း ခုနစ်ရာကျော်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် တစ်သိန်း သုံးသောင်းနီးပါး တိုးတက်လာခဲ့ပြီး တောင်ကိုရီးယား၊ အိန္ဒိယ၊ ဟောင်ကောင်နှင့် မကာအိုတို့မှလည်း လာရောက်လည်ပတ်သည့် ခရီးသွားများ နှစ်စဉ်တိုးတက်လျက်ရှိသည်။

“ပြည်ပခရီးသွားဝင်ရောက်မှုကို စီးပွားရေးနဲ့ ချိတ်ဆက်ပြီး ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဟာ သူ့ရဲ့ အားလပ်ရက်မှာ ကျွန်တော်တို့ နိုင်ငံကို လာလည်မယ်ဆိုပါတော့၊ သူက စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့အတွက် အခြားခရီးသွားတွေနဲ့ အမြင်မတူနိုင်ဘူး။ သူ့ရဲ့ စိတ်အပန်းဖြေတာမျိုးဖြစ်သလို မြန်မာနိုင်ငံမှာ ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြသလဲ။ ဘယ်စီးပွားရေး လုပ်ငန်းတွေက အခွင့်အလမ်းရှိသလဲ၊ အခွင့်အလမ်းရှိရင် ရင်းနှီးမြှုပ်နှံချင်တဲ့စိတ် ဖြစ်ပေါ်လာမယ်။ နိုင်ငံကို ခရီးသွားများများဝင်လာရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေတင် မကဘူး အခြားစီးပွားရေးလုပ်ငန်းတွေကိုပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်ဟု ဟိုတယ် လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပြောသည်။

 

d

 

အကျိုးသက်ရောက်

ထို့အတူ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်မှုဟာ အခု ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ တိုးတက်မှုတွေ ရှိနေပါပြီ။ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေ ဖြစ်တဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း အကျိုးသက်ရောက်မှုတွေကို ခံစားနေရပြီ ဖြစ်ပါတယ် ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ပြည်တွင်းပြည်ပ ခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Digital Marketing စနစ်ဖြင့် မြှင့်တင်ဆောင် goscyaseep www.tourism.gov.mm Website og မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနှင့် အီတလီ စုစုပေါင်းဘာသာ စကား ၁၁ မျိုးဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကပင် လွှင့်တင်ခဲ့ပြီးဖြစ်သည်။

ထို့အတူ ပုဂ္ဂလိကလုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ အလွယ်တကူထိတွေ့ ဆက်ဆံနိုင်ရန်နှင့် အချင်းချင်း ချိတ်ဆက်၍ ခရီးစဉ်များ ရောင်းချမှုအား ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ Tourism Web Portal https:// tourism inmyanmar.com.mm ကို လွှင့်တင်ထားပြီး ဖြစ်သည်။ ဆက်လက်၍ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနှင့် အီတလီ ဘာသာ စကားများဖြင့် လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဒေသခံပြည်သူလူထုကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Base Tourism) ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တနင်္သာရီနှင့် စစ်ကိုင်းတို့မှ ကျေးရွာပေါင်း ၄၂ ရွာတွင် CBT site ၁၉ ခု ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ကျေးရွာပေါင်း ၁၀ ရွာပါဝင်သည့် CBT site ခုနစ်ခုကို ဖော်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ခရီးသွားလုပ်ငန်းရဲ့ သဘာဝ

“ကိုရိုနာဗိုင်းရပ်စ်(covD-19) ကြောင့် တစ်ကမ္ဘာလုံးမှာ ခရီးသွားလုပ်ငန်း ကျဆင်းနေပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအပေါ်မှာလည်း အနည်းနဲ့အများ ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းမှာ High Season နဲ့  Low Season မှာ နောက်တစ်ကျော့လာမယ့်  High Season အတွက် ကြိုတင်ဆောင်ရွက်မှုတွေလုပ်ရတာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရဲ့ သဘာဝဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ coVD-19 ကို စိန်ခေါ်မှု တစ်ခုအဖြစ် ယူဆနိုင်သလို Quantity ကနေ Quality Tourism ပြောင်းဖို့ အခွင့်အလမ်းကောင်းအဖြစ်လည်း ယူဆလို့ ရပါတယ် ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆိုသည်။

ပိုမိုဖွံ့ဖြိုးတိုးတက်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက “ခရီးသွားလုပ်ငန်းတွေ တိုးတက်လာရင် ကျွန်တော်တို့နိုင်ငံက လူငယ်တွေ အလုပ်အကိုင်အခွင့် အလမ်းတိုးတက်မယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေပါ တိုးတက်လာမှာဖြစ်ပါတယ်။ ပိုမိုငြိမ်းချမ်းလာတာနဲ့အမျှ ခံစားလာရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ လေ့လာလည်ပတ် ချင်စရာကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်း အရင်ကထက်စာရင် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။ ။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်များကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့သည်။ ။

ကျွန်တော်တို့နိုင်ငံက ခရီးသွားလုပ်ငန်းကို အားပေးနေတဲ့အချိန်မှာပဲ ကျွန်တော်တို့နိုင်ငံကို မသိသေးတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးရှိနေပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာကသိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံကို လေ့လာရေး အလည်အပတ်ခရီးတွေခေါ်တာ၊ နိုင်ငံတကာခရီးသွား ပြပွဲတွေမှာ ပါဝင်ပြသတာ၊ မီဒီယာတွေဖိတ်ခေါ်တာ၊ နိုင်ငံခြားရုပ်ရှင်ရိုက်ကူးခွင့်ပြုတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့လိုပါတယ် ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက အကြံပြုသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေမည့် အားနည်းချက်များနှင့် ပတ်သက်၍လည်း “ပလတ်စတစ်တွေ၊ အမှိုက်သရိုက်တွေ စနစ်တကျ မစွန့်ပစ်တဲ့ ကိစ္စကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်အလိုက် ဒါတွေကို အမြန်ဆုံးပြုပြင်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အားနည်းချက် ဖြစ်နေပါတယ် ဟုလည်း ဆက်လက် ပြောသည်။

 

e

 

ပညာရှင်များက သုံးသပ်

မြန်မာနိုင်ငံတွင် သဘာဝအလှအပများစွာ တည်ရှိနေပြီး ထိုအရာများကို Destination Management Plan များ ချမှတ်ကာ စနစ်တကျဆောင်ရွက်ရန် လိုအပ်သလို လူထုအခြေပြုခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သင့် ကြောင်းကိုလည်း ပညာရှင်များက သုံးသပ်ကြသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးစံများ၊ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အများပါဝင်မှုရှိသည့် တာဝန်သိ ခရီးသွားလုပ်ငန်းဖြစ်အောင် ဖော်ဆောင်ကြရမည်ပင် ဖြစ်သည်။ ။

တာရာ ၊ ကေကေ