မြင့်စိုး(နတလ)
ဂယာခရီးသို့ သမင်လည်ပြန်
လွန်ခဲ့သော ခုနစ်နှစ်ခန့်က၊ တိတိကျကျညွှန်းဆို ရလျှင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံရှိ ဗုဒ္ဓဂယာအောင်မြေမဟာသို့ ၁၂ ရက်ကြာ ခရီးအဖြစ် သွားရောက်ခဲ့ပြီး ခရီးစဉ်တွင် သူငယ်ချင်း ၃၂ ဦး၊ မိသားစုဝင် ၅၀ ပါဝင်ခဲ့ပါသည်။ ယင်းခရီးစဉ် နောက်ပိုင်းမှာတော့ သူငယ်ချင်းမိသားစုဝင်အချို့ ပြည်တွင်းပြည်ပခရီးများ စုပေါင်းသွားလာကြတာ ရှိခဲ့သော်ငြားလည်း အကြောင်းမညီညွတ်၍ ကျွန်တော်လိုက်ပါခြင်းမပြုနိုင်ခဲ့ပါ။
ယင်းသို့နေလာရာက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ သူငယ်ချင်းမိသားစုဝင်အချို့နှင့် တစုတဝေးကားစီးခွင့်၊ ခရီးတိုလေးတစ်ခု အတူသွားခွင့်ရခဲ့ပါသည်။ ရန်ကုန်မှ သူငယ်ချင်းများလည်း ရောက်ရှိနေခိုက် နေပြည်တော်မှ မိသားစုများနှင့်စုပေါင်း၍ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ကြည့်ရှု လေ့လာခွင့်ရခဲ့ပါသည်။
နေပြည်တော်နှင့် တပ်ကုန်း၏ အချိန်နှင့် အကွာအဝေးက ၄၅ မိနစ် ခရီးမျှသာ၊ သို့သော်ငြားလည်း စုပေါင်းကားပေါ်မှာ လိုက်ပါလာစဉ်ခဏ ကျွန်တော့်စိတ်အစဉ်က ဂယာခရီးစဉ်သို့ ပြန်လည်သတိရ တမ်းတမိကာ ဂင်္ဂါ၊ သရဖူ၊ အစီရဝတီ၊ မဟီ၊ ဂယာ၊ နေရဉ္ဇရာ အစရှိသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်ကို ဖြတ်လိုက်၊ သတ္တသတ္တာဟ ခုနစ်ဌာနကို ဖူးလိုက်၊ ဥရုဝေလမှသည် ဗာရာဏသီ၊ သာဝတ္ထိနှင့် နီပေါနိုင်ငံထဲက လုမ္ဗိနီသာမော အင်ကြင်းတောသို့ရောက်လိုက်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာ ကုသိနာရုံနားမှာ ဝေ့ဝဲလိုက် ဖြစ်လို့နေပါတော့သည်။ ဖြစ်များဖြစ်နိုင်မည်ဆိုပါလျှင် သူငယ်ချင်းမိသားစုဝင်များ စုပေါင်း၍ ဗုဒ္ဓဂယာအောင်မြေမဟာသို့ ဒုတိယအကြိမ်မြောက် သွားရောက်၍ ဖူးမြော်လိုက်ချင်စမ်းပါဘိ။
MRTV က လှိုက်လှဲနွေးထွေးစွာကြိုဆို
ကျွန်တော်တို့အဖွဲ့အား MRTV မှ တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် ဝန်ထမ်းများက လှိုက်လှဲ စွာ ကြိုဆိုခဲ့ကြသည်။ ကျွန်တော့်စိတ် ကျွန်တော့်နှလုံးသားခံစားချက်က သူများနှင့်တူချင်မှ တူပါလိမ့်မည်။ ကျွန်တော်ချစ်သော မြို့ရွာနေရာဒေသများ၊ ကျွန်တော် နှစ်သက်သဘောကျသော ရုံးဌာန၊ ပရဝဏ်များဆိုလျှင် တစ်ခါတစ်ခေါက်ပင်မက လေးခေါက်ငါးခေါက်မြောက်သည်အထိ ရောက်ဖူးပြီးဖြစ်လို့ နေပါတော့သည်။
တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် ကျွန်တော်နှင့် မစိမ်းပါ၊ ရောက်ခဲ့ဖူး၊ မြင်ခဲ့ဖူး၊ လေ့လာကြည့်ရှုခဲ့ဖူးပြီး ဖြစ်ပါသည်။ ရောက်ဖူးပြီးသားနေရာကို ထပ်၍ လာရခြင်းက လည်း အထက်တွင်ဆိုခဲ့သည့်အတိုင်း ရန်ကုန်မြို့ ပြည်လမ်း၊ ကမာရွတ်မြို့နယ်အတွင်းရှိ MRTV သို့ ၁၉၉၇ ခုနှစ်မှစ၍ ချောင်းပေါက်မတတ် ဝင်ထွက်သွားလာခဲ့ဖူး၍လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ဝန်ကြီးဌာနသတင်းများတင်ပြပြီး မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတိုက်များနှင့် လိုအပ်လျှင် New Light of Myanmar သတင်းစာတိုက်အထိ လိုက်လံဆောင်ရွက်ခဲ့ဖူး၍ လည်းကောင်း၊ ပြခန်းကိစ္စ၊ ဓာတ်ပုံကိစ္စများအတွက် ပန်းဆိုးတန်းလမ်းပေါ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အိမ်ဦးနှင့် ကြမ်းပြင်ဖြစ်ခဲ့၍လည်းကောင်း၊ ထိုရုံးဌာနများ၊ ဝန်ထမ်းများနှင့် သံယောဇဉ်ဖြစ်ခဲ့ရသည်။ သည့်အတွက် တပ်ကုန်းမြို့ရှိ MRTV ပရဝဏ်သည် ကျွန်တော်နှင့် မစိမ်း။ ယင်းပရဝဏ်အတွင်းသို့ လှမ်းဝင်ခြေချလိုက်တိုင်း ဆယ်စုနှစ် သုံးခုနီးပါးကြာခဲ့ပြီဖြစ်သော ယခင်ပုံရိပ်များက ကျွန်တော့်ရင်ထဲမှာ တဖျပ်ဖျပ် လူးလွန့်လှုပ်ခတ်နေဆဲ။
ဖျော်ဖြေတင်ဆက်
ကျွန်တော်တို့ ဧည့်သည်အဖွဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမအတွင်းသို့ ရောက်ရှိသည်နှင့် ဖျော်ဖြေတင်ဆက်ရေး အစီအစဉ်များကို စတင်ပါသည်။ အဖွင့်သီချင်းများ၊ Video Clip များ ဖွင့်လှစ်ပြသပြီးနောက် “ဝထကလသ” သီချင်းဖြင့် တေးသရုပ်ဖော် ကပြတင်ဆက်ကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များဆီက မြို့နယ်လုံးကျွတ်၊ တိုင်းလုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲ အခမ်းအနားများတွင် ဘဝဂ်ညံအောင် သီဆိုခဲ့ကြ၊ ဖွင့်ခဲ့ကြသော တေးသီချင်းဖြစ်သည်။ ၎င်းပြင် ဆရာကြီးဦးသုခ ရိုက်ကူးပြသသည့် “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဇာတ်ကားထဲမှာ ဇော်ဝမ်း၊ ဝင်းလှိုင်၊ တင်တင်ညို၊ တင်တင်လှတို့နှင့်အပြိုင် ထန်းတက်သမားလေး ကိုချစ်စရာအဖြစ် သရုပ်ဆောင်သောလူကြမ်းကြီး ကိုအံ့ကျော် အကယ်ဒမီရခဲ့သလို “ဝထကလသ” သီချင်းသည် ထိုဇာတ်ကားကို အဓိကနေရာမှ ပံ့ပိုးပေးထားကြောင်း တွေ့ရသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဝန်ထမ်းလေးတွေ သရုပ်ဖော်တင်ဆက်နေစဉ်မှာ ကျွန်တော်ကဆရာမင်းကျော်၏ ဝတ္ထုတစ်ခုလုံးကို အမှတ်ရနေမိပါ တော့သည်။
စိန်ရတုပြတိုက်ကို ကြည့်ရှုလေ့လာ
ထို့နောက် ကျွန်တော်တို့အဖွဲ့ကို စိန်ရတုပြတိုက်သို့ ပို့ဆောင်လေ့လာစေခဲ့ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်ကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုမှတ်တိုင် (MRTV Milestone)၊ ၁၉၅၅ ခုနှစ် မေလ ၁၅ ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သော ရန်ကုန်မြို့ ရေကူးအသံလွှင့်စက်ရုံ မှတ်တမ်းအကျဉ်း၊ MRTV နေပြည်တော် တပ်ကုန်းအဆောက်အအုံများ ဆောက်လုပ်၍ ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေတို့ အပါအဝင် စိန်ရတုပြတိုက်၏ သိမှတ်ဖွယ်ရာများကို သမီး အေးအိငြိမ်းက လိုက်လံရှင်းလင်းပြသသည်။ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော Radio / TV လွှင့်စက်သုံး Tube များ၊ ပြုပြင်တိုင်းတာရေး စက်ပစ္စည်းများပြခန်း၊ FM/ TV လွှင့်စက်များ ပြကွက်တို့သည်လည်း စိတ်ဝင်စားဖွယ်ရာဖြစ်ပါသည်။
ဘောလုံးဝါသနာအိုးများအတွက်မူ မြန်မာ့အသံရေဒီယိုက တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ရေး အသုံးပြုခဲ့သော (Radio OB Van) ယာဉ်ကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ်မှစ၍ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့် နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဘောလုံးပြိုင်ပွဲများ၊ နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို မြန်မာ့ရုပ်မြင်သံကြားမှတိုက်ရိုက် (Live) ထုတ်လွှင့်ပေးသောယာဉ်ကိုလည်းကောင်း ပြသထားပါသည်။ ၂၀၁၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံထုတ် ရိုက်ကူးထုတ်လွှင့်ရေးယာဉ်ကိုလည်း တွေ့ခဲ့ရသည်။ ၁၉၄၇ ခုနှစ်ကာလများ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောပွဲများတွင် အသုံးပြုခဲ့သော Dynamic Microphone အမျိုးအစားများကို အသုံးပြုသည့် နေရာ၊ မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြသထားပါသည်။
မှတ်တမ်းဓာတ်ပုံကဏ္ဍတွင် ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အတွင်း သတင်းဖတ်ကြားသူများ၊ ၁၉၉၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပြည်တွင်းသတင်း ဖတ်ကြားသူများ၊ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတကာသတင်းဖတ်ကြားသူများ၊ ၂၀၀၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းသတင်းနှင့် နိုင်ငံခြားသတင်းဖတ်ကြားသူများ၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း Channel များမှ သတင်းဖတ်ကြားသူများ (News ၊ Sports ၊ FARMERS HD ၊ NRC ၊ National News) ယနေ့မျိုးဆက်သစ် သတင်းဖတ်ကြားသူများဟူ၍ မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြထားပါသည်။ BBS (Burma Broadcasting Service) တံဆိပ်ပါရှိသော သက်တမ်း ၇၅ နှစ်ရှိ မြန်မာ့ဆိုင်းဝိုင်းကြီးကိုလည်းကောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရေဒီယိုအစီအစဉ်များအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ခေတ်ပေါ်တီးဝိုင်း တူရိယာများကိုလည်းကောင်း၊ သက်တမ်း ၇၅ နှစ်ရှိ BBS တံဆိပ်ပါ စားပွဲကုလားထိုင် ပရိဘောဂများကိုလည်းကောင်း၊ မဟာဂီတနှင့် တေးဂီတဆိုင်ရာ စာအုပ်စာစောင်များ၊ ၁၉၀၁ ခုနှစ်မှစ၍ ခေတ်အဆက်ဆက်ကုမ္ပဏီများက ထုတ်လုပ်ခဲ့သော ဓာတ်ပြားများနှင့် ၁၉၅၁ ခုနှစ်မှစ၍ ထုတ်လုပ်ခဲ့သောဓာတ်ပြားများ၊ ၁၉၆၂ ခုနှစ်မှ စတင်အသုံးပြုခဲ့ သော RCA Monitor Speaker များ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ဓာတ်ပြားစက်၊ Radio Gram ၊ Radio Cassette များ၊ ရိုက်ကူးရေးသုံးတိုင်းရင်းသား တူရိယာပစ္စည်းများ စသည်တို့ကိုလည်းကောင်း ကြည့်ရှုလေ့လာနိုင်သည့်အပြင် ယနေ့ခေတ် ၂၀၀၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းထားသည့် နိုင်ငံတော်သံစုံတီးဝိုင်းကြီးတွင် ပါဝင်သော တူရိယာ ၁၉ မျိုးကိုပါ တစ်ပါတည်း လေ့လာတွေ့ရှိရပါသည်။
နှစ် ၈၀ ပြည့် MRTV ကို ဂုဏ်ပြုပါသည်
ရန်ကုန်ရေဒီယို (BBS) အဖြစ် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် MRTV အနေဖြင့် နှစ်ပေါင်း ၈၀ ကို ဖြတ်သန်းပြီဖြစ်သည်။ တာဝန်ရှိသူအဆင့်ဆင့်နှင့် ဝန်ထမ်းများ၏ ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရည်မှန်းချက်များလည်း ပြည့်ဝအောင်မြင်ခဲ့ကြောင်း တွေ့ရပေမည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများ အသင်းအနေဖြင့်လည်း ဇန်နဝါရီလ ၃၁ ရက်နေ့က အလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး ကျင်းပကာ MRTV နှစ် ၈၀ ပြည့်အခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ကျွန်တော့်ဘဝ တစ်သက်တာတွင် ကချင်ပြည်နယ်မှ ပန်နန်းဒင်နှင့် ခေါင်လန်ဖူးမြို့၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းက မက်မန်းမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ဟိုမိန်းမြို့တို့ကို ထာဝစဉ်သတိတရရှိနေမည်ဖြစ်သကဲ့သို့ ရုံးဌာနများထဲမှ MRTV ကိုလည်း သံယောဇဉ်ကြီးခဲ့ရပါသည်။ အားလုံးချစ်သည် MRTV ဆိုသည့်အတိုင်း ပြည်သူအားလုံးချစ်သော MRTV အဖြစ် ထာဝရရှင်သန် ရပ်တည်သွားနိုင်ပါစေကြောင်း ဆုမွန်တောင်းလျက်…။


