၁၁ မတ်

 

နိုင်ငံ့ဝန်ထမ်းအဖြစ်  တာဝန်ထမ်းဆောင်ခြင်း၏  အကျိုးရလဒ်တစ်ခုမှာ အငြိမ်းစားယူသည့်အချိန်တွင်  မိမိတာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်အလျောက်  ပင်စင်လစာ  အကျိုးခံစားခွင့်ရရှိခြင်းပင်ဖြစ်သည်။  ယခင်ကာလအဟောင်းများက အငြိမ်းစားယူခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများအဖို့ရရှိသည့် ပင်စင်လစာနည်းပါးလွန်းသဖြင့် အခက်အခဲများရှိခဲ့သော်လည်း ပြည်သူ့အစိုးရလက်ထက်တွင် လက်ရှိလစာနှုန်းထားများအတိုင်း ပင်စင်လစာများကို   တစ်ပြေးညီရရှိခံစားကြရပြီဖြစ်၍    ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။

 

ယခုတစ်ဖန် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသာမက ပုဂ္ဂလိကဝန်ထမ်း အငြိမ်းစားများပါ အကျိုးခံစားခွင့်များ ရရှိနိုင်မည့်အစီအမံများကို ကြားသိရသဖြင့် ပိုမိုဝမ်းမြောက်မိပါသည်။ ယင်းမှာ  ဝန်ထမ်းများနောင်ရေး  ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီကို  နိုင်ငံတော်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများသာမက ပုဂ္ဂလိကဝန်ထမ်းများပါ အငြိမ်းစားယူသောအခါ ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေး   စောင့်ရှောက်မှုပေးနိုင်ရေးနှင့်  လစဉ်ပင်စင်ထောက်ပံ့ပေးနိုင်ရေးအတွက်  ဖေဖော်ဝါရီလ  ၁၉  ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၉ ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဝန်ထမ်းများနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီအစီအမံသည် ဝန်ထမ်းလောကတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်သော    ထူးခြားသည့်    ဆောင်ရွက်မှုတစ်ခုဖြစ်သည်။  မိမိတို့နိုင်ငံအနေဖြင့်  ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံမဟုတ်သေးသဖြင့် ပြည်သူများအားလုံး၏ ဘဝနောင်ရေးစိတ်အေးအောင် အလုံးစုံဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း ပြည်သူများ၏ လိုအပ်ချက်များနှင့်  ပုဂ္ဂလိကဝန်ထမ်းများနောင်ရေးတို့ကိုပါ   အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလာမှုကို ကြိုဆိုရမည် ဖြစ်သည်။

 

ဝန်ထမ်းများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ယန္တရားတစ်ခုလုံး ကောင်းမွန်စွာ အသက်ဝင်လှုပ်ရှား လည်ပတ်မောင်းနှင်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ဟန်ချက်ညီညီ လှုပ်ရှားမောင်းနှင် ဆောင်ရွက်နေကြသူများဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ၊ အစိုးရအဖွဲ့အစည်းများ မည်မျှပြောင်းလဲစေကာမူ ဝန်ထမ်းများသည်နိုင်ငံတော်၏ ယန္တရားကြီး စဉ်ဆက်မပြတ် အသက်ဝင်နေစေရန် ကြိုးစား ရုန်းကန်ဆောင်ရွက်နေသူများဖြစ်၍ အသိအမှတ်ပြုထိုက်ပေသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများ နှစ်စဉ်တိုးပွားလာမှု၊ မျှော်မှန်းလူ့သက်တမ်းများ တိုးလာမှုတို့ကြောင့် ပင်စင်အသုံးစရိတ်များ နှစ်စဉ်တိုးတက်လျာထားပေးလျက်ရှိရာ တကယ်တမ်းတွင် အစိုးရတစ်ရပ်အနေဖြင့် အဆိုပါဘဏ္ဍာငွေများကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်ပေ။ ပင်စင်အသုံးစရိတ်သည်နိုင်ငံတော်  GDP  ၏  ၁  ဒသမ  ၅  ရာခိုင်နှုန်း၊  နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံ တစ်ပုံနှင့် နိုင်ငံတော်အသုံးစရိတ်တစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ် ကျခံသုံးစွဲနေရပေသည်။

 

ထို့ကြောင့်      ရေရှည်တည်တံ့ခိုင်မြဲသော    အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်လာစေရေးနှင့် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲရမှုကို ရေရှည်ခံနိုင်စွမ်း ရှိစေရေးအတွက်  မြန်မာနိုင်ငံ၏   လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင်စနစ်အား အခြားသော  က္ဘာ့နိုင်ငံများနည်းတူ  ရန်ပုံငွေကိုအခြေခံ၍  ခံစားခွင့်ပြု သည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်ခြင်းသည် လျော်ကန်သင့်မြတ်လှပေသည်။ လက်ရှိဝန်ထမ်းပင်စင်စနစ်သည် နိုင်ငံတော်ဘတ်ဂျက်ကို အမှီပြု ထားသည့်စနစ်ဖြစ်ရာ   တိုးပွားလာသောပင်စင်စားများအတွက် ရေရှည်တွင် အခက်အခဲများရှိလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ပေါ်ပေါက်လာရေး၊ ရန်ပုံငွေကို အခြေခံခွင့်ပြုသည့် ပင်စင်စနစ်သို့ပြောင်းလဲနိုင်ရေးအတွက် ဝန်ထမ်းများနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေး ကော်မတီထူထောင်ပြီး အနာဂတ်ကာလတွင် ဝန်ထမ်းများသာမက ပုဂ္ဂလိကဝန်ထမ်းများပါ   လွှမ်းခြုံနိုင်မည့်   အမျိုးသားပင်စင်စနစ်သစ်ကို  အောင်မြင်စွာ ထူထောင်နိုင်မည်ဟု ယုံကြည်ပါသည်။  

 

ကြေးမုံ