အားလုံးမျှော်လင့်နေကြသည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးခရီး

 

မောင်ငြိမ်းအေး

 

မြန်မာနိုင်ငံ လွတ်လပ်ရေးကို အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီးမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံအချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ နိုင်ငံတည်ဆောက်ရေးအတွက်လည်း ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ ဤသို့ခက်ခဲစွာ ပေးဆပ်ရင်းနှီး၍ တည်ဆောက်ထားရသည့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပြီး အေးချမ်းသာယာ ဝပြောအောင် အားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့သော်လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများသည် ယနေ့ထက်တိုင်အောင် ဖြစ်ပွားနေဆဲဖြစ်၍ ငြိမ်းချမ်းရေးအတွက် စိတ်မအေးဖွယ်ဖြစ်မည်။

 

ငြိမ်းချမ်းရေးသည် အားလုံး၏ မျှော်လင့်ချက်၊ အားလုံး၏ဆန္ဒဖြစ်သည်မှာ မေးခွန်းထုတ်စရာပင်လိုမည်မထင်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခသည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး မငြိမ်းချမ်းသည့်နိုင်ငံဟုပင် ဆိုချင်ဆိုနိုင်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များရှိခဲ့ကြသော်လည်း ရန်ကိုရန်ချင်း တုံ့နှင်းခြင်း၏ အဆုံးမသတ်နိုင်မှုနှင့် တည်ငြိမ်အေးချမ်းခြင်း၏တန်ဖိုး အကျိုး ရလဒ်တို့ကို သိရှိနားလည်လာကြသဖြင့် နှစ်ဖက်ပြေအေးငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆောလျင်စွာယူကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုနိုင်ငံများသည် ယနေ့ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်း သာယာဝပြောမှု အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်သည်။

 

ငြိမ်းချမ်းရေးရောင်ခြည်

 

မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ခေတ်အဆက်ဆက်အစိုးရများက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်၍ တောတွင်းလက်နက်ကိုင် အဖွဲ့များအား ဖိတ်ခေါ်ခြင်း၊ နိုင်ငံရေးသဘောဆောင်သည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ဖိတ်ခေါ် ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေးခရီးနှင့်အလှမ်းမနီးခဲ့ပေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့်ကာလ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ ငြိမ်းချမ်းရေးရောင်ခြည် စတင်သန်းလာခဲ့သည်။

 

နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတွေ့ဆုံ၍ ငြိမ်းချမ်းရေးပထမခြေလှမ်းအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တစ်ခုကို ရေးဆွဲခဲ့သည်။ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်နှစ်နီးပါးကြာ အချိန်ယူရေးဆွဲခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အပြီးသတ် အတည်ပြုခဲ့သည်။

 

ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရမှ ဖိတ်ကြားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ အနက် ရှစ်ဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နှစ်ဖွဲ့ NCA တွင် ပါဝင်လက်မှတ် ရေးထိုးသဖြင့် ယခုအခါ NCA တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်သည်။

 

နိုင်ငံရေးဆွေးနွေးမှုမူဘောင်

 

NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသောစာချုပ်ဖြစ်၍ မည်သည့်အခါမျှ ပျက်ပြယ်ခြင်းမရှိ သောစာချုပ်ဖြစ်သည်။ စာချုပ်ချုပ်ဆိုစဉ် က ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းစသည့်နိုင်ငံများမှ အကြီးအကဲများ၊ သံတမန်များ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါ ဂုဏ်သရေရှိစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။ NCA စာချုပ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee - UPDJC)တွင် ညှိနှိုင်းဆွေးနွေးပြီး “နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာမူဘောင်” (Framework for Political Dialogue) ကိုလည်း ရေးဆွဲချမှတ်ခဲ့သည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် အခြေခံမူများအဖြစ် “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွား ရေး”ဟူ၍ ဖော်ပြထားသည်။

 

ရလဒ်ကောင်းများရရှိနေ

 

ထို့အပြင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကဏ္ဍတွင် “ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြားပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံ ဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးရေး မူဘောင်ပေါ်တွင်အခြေခံ၍ ပါဝင်သင့်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်” ဟူ၍ ဖော်ပြထားပါသည်။ အထက်ပါ ဦးတည်ချက်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ပါသည်။ ယခုအခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံ ရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်၊ အဖွဲ့အစည်းအလိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိနေပြီဖြစ်သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement– NCA) လက်မှတ်ရေးထိုးခဲ့သည့် (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ NCA သည် ပြည်တွင်း/ ပြည်ပ အသိသက်သေများ ရှေ့မှောက်တွင် အတည်ပြုလက်မှတ် ရေးထိုးထားသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်တစ်ခုဖြစ်၍ မည်သည့်အခါမျှ ပျက်ပြယ်ခြင်းမရှိသည့် အရေးကြီးသည့် စာချုပ်ဖြစ်သည်။ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုဦးတည်ထားသော စာချုပ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံကျသည့် စာချုပ်ဖြစ်သည်။ NCA သည် နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာဖြင့် ရေးဆွဲထားသည့်စာချုပ်ဖြစ်၍ NCA မူဘောင်နှင့်အညီ ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်သည်။

 

သဘောထားကွဲလွဲမှုများ

 

ပဋိပက္ခဟူသည် သဘောထားကွဲလွဲမှု၊ ယုံကြည်ချက်ကွဲလွဲမှုတို့ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ပဋိပက္ခများဖြစ်ပေါ်ခဲ့ခြင်း အကြောင်းရင်းများတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများနှင့် ဘာသာရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည်ဟု သုံးသပ် တွေ့ရှိထားသည်။ နိုင်ငံရေးအရ သဘောကွဲလွဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ် ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ် နှင့် အရင်းရှင်စနစ်တို့ အားပြိုင်ခဲ့သည်။

 

နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့သည်။ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ တိုင်းရင်းသားရေးအရ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများသည် နယ်ချဲ့တို့ထားရစ်ခဲ့ သောဆိုးမွေတစ်ခုဟု ဆိုနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်၍ အာဏာခွဲဝေပေးထားပြီး ဖြစ်၍ တိုင်းရင်းသားရေးနှင့်ပတ်သက်ပြီး ခွဲခြားမှုမရှိသည်ကို တွေ့နိုင်ပေသည်။ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း အတိအကျပြဋ္ဌာန်းထားသည်။

 

ဖက်ဒရယ်စနစ်ကျင့်သုံး

 

ထို့ကြောင့် ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးတို့နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် မိမိတို့၏ လိုလားချက်များနှင့် အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်းဆို ခြင်းဖြင့် ရယူနိုင်ကြပေသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဖက်ဒရယ်စနစ်ကို အခြေခံတည်ဆောက်ထားကြသည်။ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကို အခြေခံသည့် ဖက်ဒရယ်စနစ်နှင့် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ဟူ၍ ရှိသည်ဟု သိရှိရသည်။ ကမ္ဘာ့နိုင်ငံ အများစုတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေကြသည် ကိုလည်း တွေ့ရမည်ဖြစ်သည်။

 

ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် အုပ်ချုပ်ရေးကို ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းသည်သာလျှင် မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်သည်ဟု လေ့လာတွေ့ရှိနိုင်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသအရေး တောင်းဆိုမှု အားနည်းသည်ကို လေ့လာတွေ့ရှိရသည်။ ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ မဖြစ်သင့်ဘဲ ဒေသကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများအဖြစ်သာ လျော်ကန် သင့်မြတ်ပေသည်။

 

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) အပေါ်တွင်သာ ခိုင်ခိုင် မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဟု အတိအလင်း ပြောကြားထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး၏ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လာနိုင် မည့်နေ့ရက်ကို အားလုံးက မျှော်လင့်လျက်ရှိသည်။

 

လွတ်လပ်ရေးဆုံးရှုံးခြင်းပင်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ်ကျော် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကို ရည်မှန်းချက်ထားဆောင်ရွက်လျက် ရှိသည်။ အများပြည်သူဆန္ဒဖြင့် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာခြင်းဖြင့် တိုင်းရင်းသားပြည်သူများ အခွင့်အရေးများကို လွှတ်တော်စင်မြင့်တွင် ဆွေးနွေးအဖြေရှာ ရယူနိုင်မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လူပုဂ္ဂိုလ်ကို ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတွင် မဖြစ်သင့်သည့်ကိစ္စများ ပေါ်ပေါက်ခဲ့ရသည်။ ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်း၌ နိုင်ငံအုပ်ချုပ်ရေးနှင့် စီးပွားရေးတွင် ပြည်သူများအား အသိပေးချမပြဘဲ ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များ ရယူဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံ၏ လွတ်လပ်ရေး ဆုံးရှုံးခြင်းပင်ဖြစ်သည်။

 

“ဒေသတွင်းရှိ ပြည်သူလူထုမှ အစပြု၍ အုပ်ချုပ်သူများအထိ တစ်သမတ်တည်းသော တူညီသည့် သဘောထားများရှိရန်လိုအပ်ပြီး မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူတကွလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ဒေသခံများ၏ အကျိုးစီးပွားအတွက် လိုလားချက်နှင့် တောင်းဆိုချက်များကို ဒီမိုကရေစီနည်းလမ်းဖြင့်သာ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် စက်တင် ဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာန တပ်ဖွဲ့ဝင်များအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

 

အားလုံးပါဝင်ဆောင်ရွက်

 

မျက်မှောက်ကာလ၌ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က တည်ဆောက်ပေးထားသောလမ်း၊ တံတားစသည့် အဆောက်အအုံများနှင့် လူသားအရင်းအမြစ်များ ဖျက်ဆီးခံရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် ပဋိပက္ခများဖြစ်ပေါ် နေသည့်ဒေသများရှိ တိုင်းရင်းသား ပြည်သူများအတွက် ပညာသင်ကြားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ ထိခိုက် မှုများဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် တစ်ပြေးညီခံစားခွင့်၊ တစ်ပြေးညီဖွံ့ဖြိုးခွင့် မရရှိသေးသည်မှာ လက်နက်ကိုင် ပဋိပက္ခများကြောင့်က အဓိကအကြောင်းရင်း ဖြစ်ပေသည်။ တည်ငြိမ်အေးချမ်းမှုရှိသည့် နယ်မြေဒေသနှင့် တည်ငြိမ်အေးချမ်းမှု မရှိသည့် နယ်မြေဒေသများကို နှိုင်းယှဉ်ကြည့်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေဒေသများတွင် ဒေသဖွံ့ဖြိုးရေး နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့များစွာ ကွာဟနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်ရေး အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေး နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် အားလုံးပါဝင်ဆောင်ရွက်ကြ ရန်လိုအပ်ပေသည်။

 

လှိုက်လှိုက်လှဲလှဲကြိုဆို

 

ထာဝရငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ (၈) နှစ် မြောက်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်ရန် စီစဉ်ထား ကြောင်းသိရပြီး သမိုင်းဝင်အခမ်းအနား ကြီးသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် နယ်ပယ်ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအပြင် ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များကိုလည်း အထူးဖိတ်ကြားထားသည်ဟု သိရသည်။

 

ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များအား ဖိတ်ကြားထားရာတွင် အချို့မှာ တက်ရောက်မည်ဟု အကြောင်းပြန်ကြားပြီး အချို့မှာ ကိုယ်တိုင်မလာရောက်နိုင်သော်လည်း ၎င်းတို့၏အဓိကကျသည့် ကိုယ်စားလှယ်များကို စေလွှတ်မည်ဟု လေးစားသမှုဖြင့် အလေးထားပြန်ကြားခဲ့သည်ဟုသိရသည်။ ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အလေးထားမှုရှိသည်ဆိုလျှင် ကာယကံရှင် အဓိကသက်ဆိုင်သူများအနေဖြင့် ပိုမိုအလေးထား တန်ဖိုးထားသင့်သည်ဟု ရှုမြင်ပါသည်။ အထူးသဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး တက်ရောက်ရန်လိုအပ်ပြီး NCA တွင် လက်မှတ်မထိုးထားသည့် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပါက အခမ်းအနားသို့ တက်ရောက်လာမည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည် ဖြစ်သည်။

 

ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်လျက်ရှိသည့် အိပ်မက်တစ်ခုပင်ဖြစ်သည်။ အားလုံးမျှော်လင့်နေကြသည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်သည်။ ယုံကြည်မှုများပျက်ပြားပြီး အမုန်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးများစွာ နစ်နာခဲ့ရသည်။ ပြည်ထောင်စုကြီး၏ အနာဂတ်ကို မြော်တွေး၍ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်း ဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် အဖြေရှာနိုင်ရေးအတွက် ငြိမ်းချမ်းရေးခရီး သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်။