နေပြည်တော် မတ် ၇

သုတေသနဌာနများ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနအဖြစ် ပြောင်းလဲအသုံးချပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကို ထိရောက်သည့် အထောက်အပံ့ကောင်းအဖြစ် အကျိုးပြုနိုင်ရန် နည်းပညာပြန့်ပွားရေး လုပ်ငန်းသည် အလွန်အရေးပါကြောင်း၊  အပြန်အလှန်အားဖြင့် စိုက်ကွင်းအတွေ့အကြုံနှင့် တောင်သူ့အသံ တောင်သူ့လိုအပ်ချက်ကို သုတေသနဌာန က သိရှိတုန့်ပြန်ဆောင်ရွက်ပေး နိုင်ရန်  နည်းပညာပေးလုပ်ငန်းများက စွမ်းဆောင်ပေးရန်လိုကြောင်း သို့မှသာ အားလုံး ပူးပေါင်းပါဝင်သည့် သုတေသန Participatory Research အဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန ၏ ပြောင်းဖူးသီးနှံ အခြေပြု သုတေသနလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး စဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဆွေးနွေးပြောကြားသည်။

ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် တာဝန်ရှိသူများက ဆောင်ရွက်စဲ သုတေသနလုပ်ငန်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက လက်ရှိထုတ်ဝေထားသည့် ပြောင်းမျိုးများနှင့် ဈေးကွက် တွင်းရှိ ပြောင်းမျိုးများ၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သော သုတေသနကို ဦးစားပေးဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်မှုလယ်ယာ သင်တန်းကျောင်းက ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ ၊ သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည့် လေပေးစက်ဖြင့် မြေဆွေးသဘာဝမြေဩဇာ စမ်းသပ်ထုတ်လုပ်နေမှုတို့ကို တင်ပြကြရာ ဒုတိယဝန်ကြီး က လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေးသာမက အင်ဂျင်နီယာ အတတ်ပညာကို သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျောက် အပြည့်အဝအသုံးချပြီး  စက်မှုလယ်ယာစနစ်၏ အသွင်နှင့် အနှစ်သာရကို ဖော်ထုတ်သွားရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်ရုံးကောင်းတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဒုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုလယ်ယာ သင်တန်းကျောင်း၏ သင်ကြားရေး အထောက်အကူပြု စက်ကိရိယာများ၊ သင်ကြားရေးအင်ဂျင်များ ၊ ထွန်ယက်ရေး ၊ အပင် စိုက်ပျိုးရေး ၊ အပင်ပြုစုရေး ၊ ရိတ်သိမ်းချွေလှေ့ရေး လုပ်ငန်းဆောင်ရွက်မှုအလိုက် အသုံးပြုသည့် စက်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်