ရန်ကုန်  ၂၅ မေ

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေးစစ်ဆေးခံရန် ယာယီပိတ်သိမ်းခဲ့ရသည့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ငွေ ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံးတွင် ပြုလုပ်သည်။

 

ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ မြောက်ပိုင်းခရိုင် ခရိုင်တာဝန်ခံအရာရှိ ဦးမောင်မောင်မင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံအရာရှိတို့က အလုပ်ဌာန (၂၈) ဌာနမှ အလုပ်သမား စုစုပေါင်း (၃၁၆၅) ဦး အတွက် ငွေကျပ် (၅၆၄၈၀၆၃၉ ဒသမ ၁၉) ကျပ်ကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့ကြသည်။

 

ထို့အတူ မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၈) ဌာနရှိ အာမခံအလုပ်သမား (၁၇၉၀) ဦး အတွက် ငွေကျပ်(၂၂၁၅၁၇၈၄) ကျပ်ကို ပေးအပ်ခဲ့ပြီး ယနေ့အချိန်အထိ စုစုပေါင်း အလုပ်ဌာန (၃၆) ဌာန မှ အာမခံ အလုပ်သမား  (၄၉၅၄) ဦး အတွက် စုစုပေါင်း ငွေကျပ် (၇၈၆၃၂၄၂၃ ဒသမ ၁၉) ကျပ်ကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရှိ တာဝန်ခံများထံသို့ ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

 

ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)