ရန်ကုန်  ၅  ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ အာမခံအလုပ်သမား ၄၀၆၉ ဦးအား လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် သိန်း ၇၂၀ ကျော် ယမန်နေ့ နံနက်ပိုင်းက လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ခွင့်ပြုထုတ်ပေးခဲ့သည်။

 

ထိုသို့ ခွင့်ပြုထုတ်ပေးရာတွင် မှော်ဘီမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ စက်ရုံ၊ အလုပ်ရုံများအား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းရေးအဖွဲ့မှ စစ်ဆေးသည့်ကာလအတွင်း ယာယီပိတ်သိမ်းထားခဲ့သော စက်ရုံ၊ အလုပ်ရုံများရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားပြီး လူမှုဖူလုံရေးအဖွဲ့၏ သတ်မှတ်စည်းကမ်း ချက်များနှင့် ကိုက်ညီသည့် အလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေး ခဲ့ကြောင်း မြို့နယ် လူမှုဖူလုံရေးရုံးခွဲ၊ ဦးစီးအရာရှိ ဒေါ်တင်လှမေ က ပြောသည်။

 

လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်သည့် အလုပ်ဌာန(၉)ဌာနမှ အာမခံအလုပ်သမား ၄၀၆၉ ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် သိန်း ၇၂၀ ကျော်ကို မြို့နယ် လူမှုဖူလုံရေးရုံးခွဲ၊ ဦးစီးအရာရှိ ဒေါ်တင်လှမေ က စက်ရုံ၊ အလုပ်ရုံမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို၊အေးသိန်း(ပြန်/ဆက်)