ရန်ကုန် ၁၆ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် လှိုင်သာယာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံမှ အာမခံအလုပ်သမား ၇၄၉၁ ဉီးအတွက် ထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ရက်ပေါင်း ၁၈ ရက်အတွက် ငွေကျပ် ၂၆၁၈၄၉၅၀၃ ဒသမ ၂၈၊ ကိုဗစ်ကာလ ကိုယ်ဝန်ဆောင် ၁၄၂ ဦးအတွက် ငွေကျပ် ၁၆၉၅၇၃၈၈ ဒသမ ၈၀၊ Quarentine ၁၂ ဦးအတွက် ငွေကျပ် ၇၆၃၂၆၇ ဒသမ ၈၀ စုစုပေါင်း ငွေကျပ် ၂၇၉၅၇၀၁၅၉ ဒသမ ၈၈ ကျပ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က စက်ရုံတာဝန်ရှိသူအား ပေးအပ်သည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးထွန်းကြိုင်နှင့် တာဝန်ရှိသူများက အလုပ်ဌာန (၃၀)မှ အာမခံအလုပ်သမား ၁၅၇၅၈ ဦးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၄၁၈၅၉၉၃၇၄ ဒသမ ၅၉ ကို အလုပ်ဌာန ကိုယ်စားလှယ်များအား ပေးအပ်သည်။
လှိုင်သာယာမြို့နယ်၊ လူမှုဖူလုံရေးအဖွဲ့က ၂၀၂ဝ ပြည့်နှစ် မေ ၂၁ ရက်မှ ဇွန် ၁၅ ရက်အထိ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို အလုပ်ဌာန ၁၈၈ ခု၊ အာမခံအလုပ်သမား ၄၄၇၀၄ ဦးအတွက် ခွင့်ပြုသည့်ငွေကျပ် ၁၀၇၉၄၅၃၅၈၇ ဒသမ ၁၃ ကျပ်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်


