အာဏာခွဲဝေဖို့ သဘောတူညီမှုရလိုက်တဲ့ ဆူဒန်ဆွေးနွေးပွဲ

ကလျာမိုးမြင့်

 

ဆူဒန်နိုင်ငံအတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်ပြီဆိုတဲ့ အချိန်ရောက်တဲ့အထိ အုပ်ချုပ်ခွင့်အာဏာကို ဆူဒန်စစ်ဘက် အကြီးအကဲတွေက အတိုက်အခံမဟာမိတ်အဖွဲ့နဲ့အတူ ခွဲဝေဖို့ သဘောတူညီမှု ရလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဖက်စလုံးဟာ အမြင့်ဆုံးကောင်စီကို အနည်းဆုံးသုံးနှစ်ကြာတဲ့အထိ တစ်လှည့်စီထိန်းချုပ်သွားကြဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

 

အစိုးရတစ်ရပ်ထူထောင်မယ်

 

စစ်ဘက်အကြီးအကဲတွေနဲ့ အတိုက်အခံတွေဟာ လွတ်လပ်သောစက်မှုပညာရှင် အစိုးရတစ်ရပ် ဖွဲ့စည်းထူထောင်ဖို့နဲ့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ကိုပါ အလေးအနက် ကတိပြုခဲ့ကြတယ်လို့ အာဖရိကသမဂ္ဂအဖွဲ့ကြီးက ပြောကြားပါတယ်။ သဘောတူညီမှုရရှိကြောင်း ပေါ်ထွက်လာတဲ့ သတင်းတွေကြောင့် လမ်းတွေပေါ်မှာ အောင်ပွဲသံတွေ ခြိမ့်ခြိမ့်ညံခဲ့ပါတယ်။

 

ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း စစ်အာဏာသိမ်းခေါင်းဆောင် အိုမာအလယ်ဘာရှာကို တပ်မတော်က ဖြုတ်ချလိုက်တဲ့ အချိန်ကစပြီး နိုင်ငံတစ်ဝန်း ကသောင်းကနင်းအခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၈၉ခုနှစ် ဇွန်လအတွင်း အာဏာသိမ်းခဲ့တဲ့ မစ္စတာဘာရှာကိုဆန့်ကျင်တဲ့ ဆန္ဒပြပုန်ကန်မှုတွေ ပေါ်ပေါက်လာပြီးနောက်မှာပဲ ဒီအခြေအနေတွေက ဆက်လိုက်လာခဲ့တာ ဖြစ်ပါတယ်။

 

တောင်းဆို

 

အစိုးရအပြောင်းအလဲ ကာလသုံးနှစ် သတ်မှတ်ကြောင်း ကြေညာချက်မထုတ်ခင် ရက်အနည်းငယ်အလိုမှာ များပြားလှတဲ့ လူအုပ်ကြီးဟာ လမ်းတွေပေါ် ချီတက်စုဝေးခဲ့ကြပြီး လက်ရှိနိုင်ငံကိုထိန်းချုပ်ထားတဲ့ စစ်ဘက် ကောင်စီက အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့ဆီ အာဏာလွှဲပြောင်းပေးဖို့ တစ်ခဲနက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေအတွင်း ပြည်သူခုနစ်ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၈၁ ဦး ရှိခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြပါတယ်။

 

အတော်လေးညှိနှိုင်းခဲ့ရ

 

ဆန္ဒပြပြည်သူတွေအပေါ် အင်အားသုံး ဖိနှိပ်မှုတွေကြောင့် အရင်လုပ်ဆောင်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့ရပြီးနောက်မှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ကျေးဇူးကြောင့် ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ပြန်လည်စတင်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံးအကျော့ ဆွေးနွေးပွဲတွေကို အခုရက်သတ္တပတ် အစောပိုင်းက ဆူဒန်မြို့တော် ခါတွန်မှာ ကျင်းပခဲ့ပြီး အီသီယိုးပီးယား ဝန်ကြီးချုပ်နဲ့ အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေ အတော်လေးကို ပြုလုပ်ခဲ့ရပါတယ်။

 

ရလိုက်တဲ့သဘောတူညီမှု

 

သုံးနှစ် သို့မဟုတ် သုံးနှစ်ထက်အနည်းငယ် ပိုကြာနိုင်တဲ့ အချိန်ကာလတစ်ခုအထိ စစ်ဘက်နဲ့ အရပ်ဘက် တစ်လှည့်စီ ဦးဆောင်အုပ်ချုပ်မယ့် အမြင့်ဆုံးကောင်စီတစ်ရပ်ကို ဖွဲ့စည်းထူထောင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူလိုက်တာ ဖြစ်ကြောင်း အာဖရိကသမဂ္ဂအဖွဲ့ကြားဝင်စေ့စပ် ညှိနှိုင်းသူ မိုဟာမက် ဟာဆန်လီဘက်က ဇူလိုင် ၅ ရက် အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

သတ်မှတ်ထားတဲ့ အပြောင်းအလဲကာလ ပြီးဆုံးတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်၊ မကြာသေးခင် ရက်သတ္တပတ်တွေမှာ ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ အကြမ်းဖက်ဖြစ်ရပ်တွေ အားလုံးနဲ့ပတ်သက်ပြီးတော့လည်း ပိုမိုစေ့စပ် သေချာပြီးပွင့်လင်းမြင်သာမှုရှိတဲ့၊ အမျိုးသားရေး ဆန်ပြီးလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ကို နှစ်ဖက်လုံးက သဘောတူ လိုက်တယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

 

ရွှေ့ဆိုင်းဖို့သဘောတူ

 

ဒါ့အပြင် စစ်ဘက်အကြီးအကဲတွေနဲ့ အတိုက်အခံဆန္ဒပြခေါင်းဆောင်တွေဟာ ဥပဒေပြု ကောင်စီထူထောင်မယ့်ကိစ္စကို ရွှေ့ဆိုင်းဖို့လည်း သဘောတူညီချက်ရခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ခေတ်သစ်တစ်ခုစတင်ခြင်းဖြစ်လာဖို့ ကျွန်ုပ်တို့ မျှော်လင့်တယ်လို့ အတိုက်အခံလွတ်လပ်ရေးနှင့် အပြောင်းအလဲဆိုင်ရာအင်အားစု (FFC) ရဲ့ ခေါင်းဆောင် အိုမာအယ်လ် ဒီဂေယာကသဘော တူညီချက် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

 

အပြောင်းအလဲဆိုင်ရာ စစ်ဘက်ကောင်စီ ဒုတိယအကြီးအကဲ ဂန်မိုဟာမက် ဟမ်ဒန် ဒါဂါလို က ဒီသဘောတူညီချက်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြီးပြည့်စုံတဲ့ သဘောတူညီချက်တစ်ခုဖြစ်ပြီး ဘယ်သူ့ကိုမှ ချန်လှပ်ဖယ်ထုတ်ထားတာမရှိဘူး လို့ဆိုပါတယ်။ သဘောတူညီချက်တစ်ခု ဖြစ်မြောက်လာဖို့ စိတ်ရှည်လက်ရှည်နဲ့ ကြိုးပမ်းခဲ့ကြတဲ့ အာဖရိကနဲ့ အီသီယိုးပီးယားတို့မှ ကြားဝင်စေ့စပ်ညှိနှိုင်းသူတွေကို ၎င်းက ကျေးဇူးတင်နေပါတယ်။

 

နောက်ခံအကြောင်းတရား

 

ပြီးခဲ့တဲ့လအတွင်းက ဆန္ဒပြပြည်သူတွေကို ကိုယ်စားပြုတဲ့ တာဝန်ရှိသူတွေဟာ ဆူဒန်ကို ဘယ်သူက ထိန်းချုပ်မလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ဘက်အကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဇွန် ၃ ရက်က စစ်ဘက်ရဲ့ အင်အားသုံးနှိမ်နင်းမှုကြောင့် ဆန္ဒပြပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပျက်ပြယ်ကာအချည်းအနှီး ဖြစ်ခဲ့ပါတယ်။

 

အပြောင်းအလဲကာလသုံးနှစ်

 

ဒီလိုတွေဖြစ်လာချိန် တပ်မတော်က ၎င်းအနေနဲ့ အတိုက်အခံတွေနဲ့ သဘောတူညီမှု ရအောင်လုပ်မယ့် အစီအစဉ် မှန်သမျှကို စွန့်လွှတ်လိုက်ပြီ။ ပြီးတော့ ရွေးကောက်ပွဲတွေကို ကိုးလအတွင်း ကျင်းပမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြတောင်းဆိုတဲ့ လှုပ်ရှားမှုတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေရေး အာမခံပေးနိုင်ဖို့ လိုအပ်တဲ့ အပြောင်းအလဲကာလ သုံးနှစ်သတ်မှတ်ရေး သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဆွေးနွေးမှုတွေ ရပ်တန့်သွားချိန်မှာ အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်ဟာ စစ်ဘက်နဲ့ အတိုက်အခံဆန္ဒပြ ပြည်သူတွေအကြား နောက်ထပ်သဘောတူညီချက်အသစ် တစ်ခုရဖို့ အရေး ကြိုးစားလိုတဲ့အတွက် ဆူဒန်ကိုလေယာဉ် နဲ့ ရောက်ရှိလာခဲ့တယ်။ ညှိနှိုင်းဆွေးနွေးတာတွေလုပ်ပြီး ရက်အနည်းငယ်အကြာမှာတော့ ဝန်ကြီးချုပ်ရဲ့ အထူးသံတမန် မာမွတ်ဒါရာက ဆန္ဒပြ ခေါင်းဆောင်တွေဟာ နိုင်ငံတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ကိုရပ်ပြီး ညှိနှိုင်းရေးစားပွဲပေါ်လာထိုင်ဖို့ သဘောတူလိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။

 

အကျဉ်းသားတွေလွှတ်ပေး

 

အပြောင်းအလဲကာလအတွင်း ဆူဒန်ကို အုပ်ချုပ်ဖို့ အမြင့်ဆုံးကောင်စီတစ်ရပ် ဖွဲ့စည်းရာမှာ စစ်ဘက်က ငါးနေရာနဲ့ အရပ်သားတွေအတွက် ခြောက်နေရာ ပါဝင်ဖွဲ့စည်းသွားမယ်လို့ ဆိုပါ တယ်။ ဆန္ဒပြပြည်သူတွေရဲ့ အသက်တွေပေးဆပ် ခဲ့ရပြီးတဲ့နောက် ဘာပဲပြောပြော သဘောတူညီ ချက်တစ်ခုကိုတော့ ရလာခဲ့ပါပြီ။ အတိုက်အခံဘက်က ဆေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ဇွန်လအတွင်းက လူစုခွဲဖို့ ကြိုးပမ်းခဲ့မှုသုံးခုနဲ့ အကြမ်းဖက် ခဲ့မှုတွေအတွင်း လူ ၁၀ဝ ကျော်လောက် သေဆုံးခဲ့ ရတယ်လို့ဆိုပါတယ်။

 

နှစ်ရက်တာဆွေးနွေးမှုရဲ့ ပထမနေ့မှာ ဆူဒန်မှာရှိတဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒါဖာဒေသအတွင်းမှာ သူပုန်အဖွဲ့ခွဲတစ်ခုက တိုက်ခိုက်ရေးသမား ၂၃၅ ဦးကို လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေး ခဲ့ကြပါတယ်။ အကျဉ်းသားတွေကို ဇူလိုင် ၄ရက်က လွှတ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။ ။

 

ကိုးကား- အေအက်ဖ်ပီ၊ဘီဘီစီ