အာဏာပိုင်တွေ ဝေဖန်ခဲ့တာကြောင့် တရုတ်ဆိုရှယ်မီဒီယာ Weibo က hot list တွေကို ပိတ်ထားရ

ဘေကျင်း ၂၉ ဇန်နဝါရီ

 

တရုတ်နိုင်ငံရဲ့ နာမည်ကြီး လူမှုမီဒီယာတစ်ခုဖြစ်တဲ့ Weibo ဟာ ဘေကျင်းအင်တာနက် စောင့်ကြည့်သူအဖွဲ့ရဲ့  ဝေဖန်မှုကိုခံခဲ့ရတယ်လို့ တနင်္လာနေ့ထုတ် တရုတ်နေ့စဉ်သတင်းစာအရ သိရပါတယ်။

 

ဘေကျင်း ဆိုက်ဘာစပေ့အုပ်ချုပ်ရေးရုံးကနေ စနေနေ့က Weibo အကြီးအကဲကို ခေါ်ယူတွေ့ဆုံခဲ့ပြီး Weibo ဟာ အသုံးပြုသူတွေတင်တဲ့ တရားမဝင်ပို့စ်တွေကို ဆင်ဆာဖြတ်တောက်ဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်အချို့ကို ရက်သတ္တပတ် တစ်ပတ်ကြာ ပိတ်ပင်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

 

ကုမ္ပဏီဘက်ကလည်း Weibo ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူအများဆုံးနဲ့ နာမည်ကြီးနေတဲ့ ပို့စ်တွေကို စနေနေ့က ဖြုတ်ချပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နာမည်ကြီးဆယ်လီတွေရဲ့ ဆက်ဆံရေးကို အဓိကထားတင်ဆက်တဲ့ အမေး-အဖြေ ကဏ္ဍကိုလည်း  ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၉ နာရီမတိုင်မီအထိ ပိတ်ထားခဲ့တယ်လို့ တရုတ်နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။

 

လတ်တလောနာမည်ကြီးနေတဲ့ အကြောင်းအရာစာရင်းတွေကို သုံးလထက်မနည်း ကြာသည်အထိ ပိတ်ထားမယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားကြောင်း သတင်းစာဖော်ပြချက်အရ သိရပါတယ်။ Weibo ပေါ်မှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်တဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ မဖွယ်မရာညစ်ညမ်းပြီး အဓိပ္ပယ်မရှိတဲ့ ပို့စ်တွေပါဝင်နေတယ်လို့ ရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ယာယီဖြေရှင်းနည်းတစ်ခုသာဖြစ်ပြီး ဆိုက်ဘာစပေ့ဥပဒေကို မြှင့်တင်ဖို့ကာလကြာရှည် တည်ဆောက်ယူရမယ်လို့ တရုတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေ ဆက်သွယ်ရေးဥပဒေ ဌာန ဒုတိယ ညွှန်ကြားရေးမှူး ရှုဝေ က ပြောပါတယ်။
Weibo ဟာ တရုတ်နိုင်ငံရဲ့ တွစ်တာလိုမျိုး လူမှုမီဒီယာတစ်ခုဖြစ်ပါတယ်။

 

(MDN)
ကိုးကား-ဆင်ဟွာ