ထွန်းသစ်စ

 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုဟာ လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖိအားပေးသည့်အနေဖြင့် မေ ၁ ရက်က ဆန္ဒပြမှုကြီးဖြစ်ပေါ်လာရန် နှိုးဆော်ခဲ့သလို မာဒူရိုကလည်း ဒီအတိုင်းငြိမ်ခံနေမည်မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေအပေါ် အမေရိကန်အစိုးရကတော့ တောင်အမေရိကနိုင်ငံတစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန့်ကျင်ဆန္ဒပြမှုကြီးကို ဖြိုခွဲဖို့ စစ်ဘက်ဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ လတ်တလောမှာတော့ ဗင်နီဇွဲလားနိုင်ငံရေးဟာ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ဖြစ်နေပါတယ်။

 

တိုက်တွန်းခဲ့

 

ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရထောက်ခံသူ တွေရော၊ အစိုးရဆန့်ကျင်သူတွေရော ရောနှောနေပြီး သူတို့တွေဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေစီးကြောင်းထဲ မျောပါနေကြပါတယ်။ မြို့တော် ကရာကတ်မှာ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုဟာ တပ်မတော်ကို လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရိုအား ထကြွပုန်ကန်ဖို့ တိုက်တွန်းပြောကြားပြီးနောက်မှာ အခုလို နိုင်ငံရေး အခြေအနေတွေ ရှုပ်ထွေးလာတာ ဖြစ်ပါတယ်။ 

 

လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချနိုင်ရေး ဆင်နွှဲခဲ့တဲ့ မေ ၁ ရက်ဆန္ဒပြမှုကြီးဟာ ဗင်နီဇွဲလားနိုင်ငံသမိုင်းမှာ အကြီးမားဆုံး ဆန္ဒပြမှုကြီးအဖြစ် ဂျူအန်ဂွိုက်ဒိုက ပြောပါတယ်။ ဗင်နီဇွဲလားတစ်နိုင်ငံလုံး လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါလို့ အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုက ပြောသလို၊ ကြားဖြတ်သမ္မတအဖြစ်လည်း သူ့ကို နိုင်ငံပေါင်း ၅၀ ကျော်ကလည်း အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆိုရှယ်လစ်သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချဖို့ တပ်မတော်ကို သူနဲ့ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

 

လုပ်ဆောင်နေ

 

သူ့ကိုယုံကြည်တဲ့ တပ်မတော်သားအချို့ဟာ သူနဲ့ပူးပေါင်းပြီး ဗင်နီဇွဲလားနိုင်ငံရေးအခြေအနေ ပြောင်းလဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဂျူအန်ဂွိုက်ဒိုနဲ့ ပူးပေါင်းခဲ့တဲ့ တပ်မတော်သား အချို့ကိုလည်း သစ္စာဖောက်တွေအဖြစ် မာဒူရိုက ပြောကြားခဲ့ပါတယ်။ 

 

မာဒူရိုကလည်း ရာထူးကဆင်းမပေးဘဲ ဆက်လက်တင်းခံနေသလို ဧပြီ ၂၀ ရက်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုပုံစံမျိုးကို ကိုင်တွယ်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။ ပြီးတော့လည်း အကြမ်းဖက်မှုအသွင်ဖြစ်ပွားလာမယ့်အရေးမှ ကာကွယ်နိုင်ခဲ့တဲ့ အတွက်လည်း အစိုးရတပ်ဖွဲ့ဝင်တွေကို ချီးကျူးလိုက်ပါတယ်။ 

 

နိုင်ငံတော်ရှေ့နေတွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ ပြစ်မှုတွေအတွက် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ စတင်လုပ်ဆောင်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေပါတယ်။ 

 

တရားမဝင်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်အမေရိကနိုင်ငံတစ်နိုင်ငံကို စစ်ဘက်ဆိုင်ရာ ကျူးကျော်မှုမလုပ်ဘူးလို့ ဆိုခဲ့ပေမယ့်လည်း အခြေအနေတွေဟာ ပြောသလောက်ရိုးရှင်းမှာ မဟုတ်ဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောပါတယ်။ အကယ်၍ လိုအပ်လာပါက စစ်ဘက်ဆိုင်ရာကြားဝင်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။ 

 

ယခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးတင်းမာမှုတွေဟာ ပြစ်မှုဆိုင်ရာ အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာကတော့ အရင်ကထက် နိုင်ငံရေးအားပြိုင်မှု ပိုမိုပြင်းထန်လာတာပဲ ဖြစ်ပါတယ်။ ဂျူအန်ဂွိုက်ဒိုဟာ ဇန်နဝါရီ ၂၃ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာခဲ့သလို မာဒူရို ကိုလည်း မဲမသမာမှုပြုလုပ်ခဲ့ပြီး ပြန်လည်အရွေးခံခဲ့ တာပါလို့ ပြောပါတယ်။ ထို့အပြင် မာဒူရိုရဲ့ သမ္မတ ဖြစ်မှုဟာ တရားမဝင်ဘူးလို့ ပြောလိုက်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံဖြစ်

 

ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်း သုံးသပ်မယ်ဆိုရင် ယမန်နှစ် မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ ဗင်နီဇွဲလားနိုင်ငံ လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရို အနိုင်ရရှိပြီးနောက် ဒုတိယအကြိမ်မြောက် ခြောက်နှစ်တာ သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရကြောင်း အမျိုးသားရွေးကောက်ပွဲကောင်စီက မေ ၂၁ ရက်တွင် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကို အမျိုးသားရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ တီဘီစေးလူစီနာက မေ ၂၀ ရက်နှောင်းပိုင်းတွင် ကြေညာခဲ့ပါတယ်။ 

 

ဗင်နီဇွဲလားနိုင်ငံဟာ ၎င်းရဲ့ သမိုင်းကြောင်းမှာ ထီးတည်းကြီးဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ သာမက စီးပွားရေးကျပ်တည်းမှု အဆိုးဆုံးနိုင်ငံ တစ်နိုင်ငံအနေနဲ့ ရပ်တည်လာခဲ့သလို ပြည်သူများ ကလည်း အစာရေစာ၊ ဆေးဝါးပြတ်တောက်မှု တွေနဲ့ ကြုံတွေ့နေကျဖြစ်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ ပြည်တွင်းမှာ အကြမ်းဖက် ဆူပူမှုတွေ၊ လူတွေအစုလိုက်နေရပ်မှ ထွက်ခွာတာ တွေနဲ့လည်း ယဉ်ပါးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

 

တိုက်တွန်း

 

အခုလို နိုင်ငံရေးအားပြိုင်နေတဲ့အချိန်မှာလည်း ဥရောပနိုင်ငံအချို့ရဲ့ တောင်းဆိုမှုကို ပြောင်ပြောင်တင်းတင်းဖီဆန်ထားတဲ့ မာဒူရိုက စပိန်ရုပ်မြင်သံကြားတစ်ခုရဲ့ အင်တာဗျူးမှာ ဘာပြောခဲ့သလဲဆိုရင် သူ့ရဲ့ နုတ်ထွက်မှုအတွက် တောင်းဆိုနေတဲ့ သူတွေအပေါ် အလျှော့ပေး သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

 

ဆင်းရဲကျပ်တည်းနေတဲ့ ဗင်နီဇွဲလားနိုင်ငံကို နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ခဲ့တာတောင် မာဒူရိုက နိုင်ငံရေးမျက်နှာဖုံးကြီးတပ်ပြီး မသိကျိုးကျွန်ပြုခဲ့ပါတယ်။ အဲဒါကို အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ဗင်နီဇွဲလားပြည်သူ အထောက်အပံ့ပစ္စည်းတွေ ရရှိအောင် ကြိုးစားခဲ့ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

 

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေး လျနဲ့ များစွာသော လက်တင်အမေရိကနိုင်ငံ တွေကပါ နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထားတဲ့ ဂွိုက်ဒိုဟာ တပ်မတော်ကိုလည်း စီးပွားရေး ကြောင့် နာလန်မထူနိုင်တဲ့နိုင်ငံကိုကူညီဖို့ တိုက် တွန်း ပြောကြားလိုက်ပါတယ်။ 

 

တစ်နေ့တခြားကြီးမားလာ

 

မိမိတို့ရဲ့ အာဏာကို ပဋိပက္ခအကျပ်အတည်းတွေ ဖြေရှင်းတဲ့နေရာမှာ ကျင့်သုံးဖို့လိုပါတယ်။ ဒီမိုကရေစီကို ပြန်လည် ထိန်းသိမ်းရမှာဖြစ်ပြီး လွတ်လပ်ရေးရအောင် စွမ်းဆောင်ရပါမယ်လို့ ဂွိုက်ဒိုက ဖေဖော်ဝါရီ ၃ ရက်တွင် တွစ်တာမှာ အတိ အလင်းပြောကြားခဲ့ပါတယ်။ 

 

အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ကလည်း ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို ဗင်နီဇွဲလားသမ္မတအဖြစ် က္ဘာ့နိုင်ငံအားလုံးက အသိအမှတ်ပြုပေးရန်၊ လွတ်မြောက်ရေးဘက်တွင် ရပ်တည်ကြရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ပြောကြားလိုက်ပါသေးတယ်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ဘက်မှာ ရပ်တည်နေကြောင်း အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်မှု ပြန်လည်ရရှိလာတဲ့ အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ဒုသမ္မတ မိုက်ပန့်စ်က ဆိုပါတယ်။ အခုလည်း အမေရိကန်ဟာ ဗင်နီဇွဲလားအရေးကို အနီးကပ် စောင့်ကြည့်လျက်ရှိပါတယ်။ အခြေအနေတွေ ပိုမို ဆိုးလာပါက စစ်ရေးဆိုင်ရာ ကြားဝင်မှုတွေ တောင် လုပ်မလားဆိုတာ အပ်ကျမပ်ကျ မပြောနိုင်ပါဘူး။

 

နိုင်ငံရေးတင်းမာမှုများ တစ်နေ့တခြား မြင့်မားလာတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ နီကိုး လပ်စ်မာဒူရိုနဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သူ အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုက်ဒိုတို့ရဲ့ အာဏာယှဉ်ပြိုင်မှုဟာ တစ်နေ့တခြား ကြီးမားလာ နေတယ်ဆိုတာ ငြင်းမရပါဘူး။ ။ 

 

အေအက်ဖ်ပီ