ညောင်ဦး ဇန်နဝါရီ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ဘုရားကြီးတောင်ဘက်မုခ်တွင် သံဃာတော် အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံမှ သိရသည်။

 

အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာ လာရောက် ရောင်းချခြင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက် ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။ တစ်လကျော်ကြာအောင် ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် ရိုးရာပိုက်ကျော်ခြင်းပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သံဃာတော် အရှင်သူမြတ်များမှ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ် လှူဒါန်းခြင်း၊ ပြာသိုလပြည့်နေ့ နံနက်ပိုင်းတွင်  သံဃာတော် အပါး ၃၀ဝ ကျော်အား  ဆွမ်း၊ ငွေသပိတ်လုံး၊ ငွေပဒေသာပင်များဖြင့် လှူဒါန်းပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

 

ဒီပါလင်း