နေပြည်တော် ၁၀ မတ်
မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်ပြောင်းစေ့ငုကြည့်မည်ဆိုလျှင်ခက်ခဲကြမ်းတမ်းမှုများ၊ သင်ခန်းစာ ယူစရာများ များစွာရှိပါသည်။ တိုင်းတစ်ပါးလက်အောက် သူ့ကျွန်ဘဝကျရောက်ပြီးသည့်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလ တစ်လျှောက်လုံးတွင် အပြောင်းအလဲများနှင့် အောင်မြင်မှု၊ ရှုံးနိမ့်မှုများဖြင့်ရောပြွမ်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ခေတ်ကာလအလိုက် အပြောင်းအလဲများ၊ တွန်းလှန်မှုများ၊ စိန်ခေါ်မှုများကို ဖြတ်သန်းကြရာတွင် ပြည်သူ ပြည်သားများမှာ ကောင်းမွေ၊ ဆိုးမွေတို့ကို ဆက်ခံကြရသည်။ ကောင်းသောရလဒ်၊ ဆိုးသောရလဒ်များကို မျှဝေခံစားကြရသည်။ အောင်မြင်မှုကို အတူတကွရယူကြသည်။ အခက်အခဲများကို ခါးစည်းခံကြသည်။ ပြည်သူ ပြည်သားများအနေဖြင့်တိုင်းပြည်သမိုင်းကြောင်းတစ်လျှောက်၌ ညီညီညွတ်ညွတ်၊ အေးအေး ချမ်းချမ်း အတူလက်တွဲဖြတ်သန်းခဲ့ကြသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ယင်းတို့နှင့်စပ်လျဉ်း၍ မှတ်သားသင့်သည်တို့ကို မတ်လ ၈ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မုံရွာမြို့သို့ရောက်ရှိစဉ် “လူ့ဘဝတွင်စိန်ခေါ်မှုအမျိုးမျိုးရင်ဆိုင်ရပါကြောင်း၊ စိန်ခေါ်မှုများကို ပြဿနာအနေ ဖြင့် မြင်မည်၊ အခွင့်အရေးအနေဖြင့် မြင်မည်ဆိုသည်မှာ မိမိတို့အပေါ်တွင်မူတည်ပါကြောင်း၊ မည်သည့် အမှောင်ထုပင်ရှိရှိ၊ ညီညွတ်မှုဖြင့် ကျော်လွှား လိုက်ပါက ပြဿနာမှ အခွင့်အရေးတစ်ခု၊ အခွင့်ကောင်းတစ်ခု ဖြစ်သွား သည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း” ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် သမိုင်းကြောင်းတစ်လျှောက်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ ရသကဲ့သို့ မျက်မှောက်ကာလတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ တိုးတက်မှုများ၊ အောင်မြင်မှု များရှိသလို လိုအပ်ချက်များလည်းရှိသည်။ တိုးတက်မှုများအတွက်ဂုဏ်ယူကြရမည်ဖြစ်ပြီး လိုအပ်ချက်များ အတွက် သင်ခန်းစာဖော်ထုတ်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မတိုးတက်မှုများအတွက် စိတ်ပျက်ညည်းညူ၊ အပြစ်ရှာနေမည့်အစား မည်သို့ဆောင်ရွက်သင့်သည်တို့နှင့် ပတ်သက်၍ အဆိုပါခရီးစဉ်တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးတိုးတက်သည့် ရှေ့ကသွားနေသော နိုင်ငံများထံမှ သင်ခန်းစာယူနိုင်ကြောင်း လမ်းညွှန်ခဲ့သည်။ ၎င်းနိုင်ငံများအနေဖြင့် အောင်မြင်မှုများကို မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်ရယူခဲ့ကြသည်ကို လေ့လာရမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်ကိစ္စများကိုဆောင်ခဲ့၍ မည်သည့်ကိစ္စများကို ရှောင်ခဲ့သည်တို့ကို သင်ခန်းစာဖော်ထုတ်ကာ အတုယူဆောင်ရွက်သင့်ပေသည်။ အကြံတူ နောက်လူသာစမြဲ ဆိုသကဲ့သို့ နောက်တွင်ကျန်နေသည်ကို အခွင့်အရေးကောင်းတစ်ခု၊ အားသာချက်တစ်ခုဟုခံယူကြပြီး မိမိတို့အားလုံး အတူလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဖြတ်သန်းခဲ့သော ကာလအပိုင်းအခြားတစ်ခု၊ တစ်ခုမှာ တိုတောင်းလွန်းပါသည်။ ထိုကာလအတွင်း မိမိတို့အနေဖြင့်သမိုင်းတွင်အောင်၊ သမိုင်းကြောင်းကောင်းအောင် နောင်လာနောက်သား များအတွက် အမွေခံကောင်းများကို ထားရစ်နိုင်အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ တိုတောင်းလှသော ၎င်း၏ဘဝတစ်ဖြတ်အတွင်း သမိုင်းတွင်ကျန်ရစ်သည့် မှတ်ကျောက်များကို စိုက်ထူ ခဲ့ကြရမည်ဖြစ်သည်။
လူတိုင်း လူတိုင်းအနေဖြင့် လက်ကျန်အချိန်အတွင်း မိမိအတွက်မည်မျှရယူမည်ဆိုသည်ထက် အများပြည်သူ အတွက် မည်မျှပေးဆပ်ခဲ့သည်ကို ဆန်းစစ်လေ့လာကြည့်ရမည်ဖြစ်သည်။ မိမိအတွက် မိမိမိသားစုအတွက်သာ လုပ်ခဲ့မည်ဆိုလျှင် သမိုင်းကြောင်းမကောင်းနိုင်ချေ။ ကောင်းသည့်အမွေများကို ထားခဲ့ရန်သာ အရေးအကြီး ဆုံးအချက်ဖြစ်သည်။
သို့ဖြစ်ရာ ကြုံတွေ့နေရသောစိန်ခေါ်မှုများ ကျော်လွှားရာ၌ မိမိအကျိုးထက် အများအကျိုးကိုအလေးထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့်ကောင်းသောအမွေများ ထားရစ်ခဲ့ရမည်ဖြစ်ပါကြောင်း။
ကြေးမုံ