ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသအဆင့်ဗဟိုကော်မတီက ပြည်သူသို့ပန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။ အိမ်နီးချင်းနိုင်ငံအချို့၌ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ မြင့်တက်နေသည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံကြီးအချို့တို့တွင် ရောဂါဒုတိယလှိုင်းဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကြောင့် ခက်ခက်ခဲခဲ ပြန်လည်ထိန်းချုပ်နေရသည့် အခြေအနေတွင် မိမိတို့ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာမှုအားနည်းနေခြင်းအပေါ်သတိပေးနှိုးဆော် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

လတ်တလောတွင် ကမ္ဘာတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၂၁ သန်းကျော်နှင့် ၎င်းရောဂါကြောင့် သေဆုံးသူ ခုနစ်သိန်းခွဲကျော်ရှိနေပြီဖြစ်ပြီး ဆက်လက်၍လည်း ကိန်းဂဏန်းအရေအတွက်မှာ မြင့်တက်နေဆဲဖြစ်သည်။ မိမိတို့ နိုင်ငံအနေဖြင့်မူ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း အကျကာလဖြစ်သည့်အပြင် ရောဂါ ထိန်းချုပ်နိုင်မှုအခြေအနေအပေါ် ဘက်ပေါင်းစုံမှ လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းခွင်များ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် စိစစ်ခွင့်ပြုပေးမှု၊ ရုံးဌာနများ အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်လှစ်မှု၊ လူစုဝေးမှုများကို အရေအတွက်တိုးမြှင့်ခွင့်ပြုပေးမှုတို့အပေါ် စိတ်တုံးတုံးချကာ ကူးစက်မြန်ကပ်ရောဂါနှင့်စပ်လျဉ်း၍ ပေါ့ဆ လာကြခြင်းဖြစ်သည်ဟု ယူဆမိသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ရောဂါကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များကို ရောင်းသူ၊ ဆိုင်ဝန်ထမ်းများဘက်ကရော စားသုံးသူပြည်သူများဘက်ကပါ လိုက်နနာမှုမရှိသလောက် ဖြစ်လာသည်။ အများပြည်သူသွားလာသည့် ယာဉ်ရထားများ၊ ဈေးများတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ် လျှော့တွက်မိခဲ့ကြသည့်နိုင်ငံများ၊ လိုရာဆွဲ၍ အနက်ဖွင့်မှားခဲ့ကြသည့်နိုင်ငံများမှာ ၎င်းတို့၏အမှားအတွက် တန်ဖိုးကြီးစွာပေးဆပ်ခဲ့ကြရသည်။ အချို့နိုင်ငံများမှာလည်း ရောဂါပထမလှိုင်း အရှိန်ကျဆင်းသွားပြီးသည့်နောက် အလောတကြီးဆိုသလို ဖြေလျှော့မှုများပြုလုပ်ခဲ့ကြရာမှ ဒုတိယလှိုင်းကြီးကြီးမားမားရိုက်ခတ်မှုနှင့် ရင်ဆိုင်လာကြရသည့်အတွက် တားဆီးပိတ်ဆို့မှုများ ကန့်သတ်မှုများ ယခင်အတိုင်း ပြန်လည်ပြုလုပ်ကြရသည်များကို တွေ့ရှိနိုင်သည်။

မိမိတို့နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူများ၏ ၆၁ ရာခိုင်နှုန်းခန့်မှာ လူကောင်းပကတိနှင့်မခြား ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရဘဲ နေကောင်းကျန်းမာနေသူများအသွင်တွေ့ရခြင်းက အထူး သတိပြုကြရမည့်အချက်ဖြစ်သည်။ နှာမစေး၊ ချောင်းမဆိုး၊ ကိုယ်မပူ၊ ဝေဒနာမခံစားရသည့်အတွက် အများပြည်သူအကြား သွားလာနေထိုင်ရင်း ရောဂါပျံ့နှံ့နေမည်ဆိုပါက မဆင်မခြင်ပေါ့ပေါ့ဆဆနေသူများမှာ ဦးစွာကူးစက်ခံရမည်ဖြစ်သည်။ ယင်းကဲ့သို့သူများ အမြောက်အမြား ရုတ်တရက်ပေါ်လာမည် ဆိုပါက တစ်နိုင်ငံလုံးအတွက် တစ်မျိုးသားလုံးအတွက်ဘက်ပေါင်ဆုံတွင် အကျပ်အတည်း ဆိုက်ရောက်လာမည်ဖြစ်သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရှောင်ရှားနိုင်ရေးအတွက် မိမိကိုယ်ကိုယ် တာဝန်ယူခြင်းဖြင့် မိမိကိုယ်တိုင်ရော၊ မိမိ မိသားစုနှင့်တကွ အများပြည်သူအတွက်ပါ ကောင်းကျိုးဆောင်ကြရမည်ဖြစ်ရာ လူစုလူဝေးရှောင်ရှားရေး၊ ခြောက်ပေအကွာ ခပ်ခွာခွာနေရေး၊ အပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်တပ်ဆင်ရေး၊ လက်ကိုဆပ်ပြာဖြင့် မကြာမကြာဆေးကြော၊ ပြည်ပပြန်များ စောင့်ကြပ်ကြည့်ရှုရေးတွင် ပူးပေါင်းပါဝင်နှင့် တရမထံ ပြန်လာသူများရှိပါကသက်ဆိုင်ရာသို့ သတင်းပို့ရေးတို့တွင် တာဝန်ကျေပွန်ကြပါစေကြောင်း။

မြန်မာ့အလင်း