ယနေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနေ့ ဖြစ်သည်။ အားနည်းသူအမျိုးသမီးများဟု ရည်ညွှန်းထားသည်ဖြစ်၍ အားနည်းသူ ကလေး သူငယ်များနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းချို့တဲ့သူ အမျိုးသားများလည်း ပါဝင်သင့်ပေသည်။ ယခု လှုပ်ရှားမှုသည် အမျိုးသမီးနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှားမှုဖြစ်ရာ ကျား၊မ၊ ကြီး၊ ငယ်မခွဲခြားဘဲ အားနည်းသူများ အကြမ်းဖက်ခံရမှုတို့မှ အဆုံးသတ်နိုင်ရေးကိုလည်း ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

 

လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု စသည့်အမှုတို့တွင် အကြမ်းဖက်မှုများလည်း ပါဝင်နေရာ ယင်းအမှုများတွင် အမျိုးသမီးကြီး၊ ငယ်များသာမက ကလေးသူငယ်များ၊ အမျိုးသားကြီး၊ ငယ်များလည်း ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို၊ မည်သည့် ကိစ္စတွင်မဆို အကြမ်းဖက်ခြင်း၊ အနိုင်ကျင့်ခြင်းသည် ဆိုးရွားရက်စက်သော အမှုကိစ္စများဖြစ်၍ ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်သည်။

 

ယခု အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနေ့ကို တစ်ကမ္ဘာလုံးတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး ကျား၊ မ အခြေပြုသည့် အကြမ်းဖက်မှုများ ဆန့်ကျင်ရေးအတွက် ၁၆ ရက် ကြာ စတင်လှုပ်ရှားမှုဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မသိနားမလည်သော လူငယ်တစ်ဦး လူကုန်ကူးခံရပြီး ပင်လယ်ပြင်ရှိ ကျားဖောင်ပေါ်၌ နှိပ်စက် ညှဉ်းပန်းခံရသည့်ဖြစ်စဉ်တစ်ခုကို စိတ်မချမ်းမြေ့ဖွယ် ကြားသိခဲ့ရသည်။ အကြမ်းဖက်ခံရမှု များသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင်လည်း အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်။

 

အကြမ်းဖက်ခံရမှုဖြစ်စဉ်များသည် ကျူးလွန်ခံရသူများအတွက်သာမက ၎င်းတို့၏ မိသားစု အသိုင်းအဝိုင်းများအတွက်ပါ ကြီးမားဆိုးရွားသည့် အကျိုးသက်ရောက်မှုများရှိပြီး လူ့အဖွဲ့ အစည်း၏ အလွှာအားလုံးအပေါ်တွင်လည်း အကျိုးသက်ရောက်မှုများရှိနေသည်။ ကျား၊ မ အခြေပြုအကြမ်းဖက်မှုသည် ဆိုးရွားမှုအတိုင်းအတာအလိုက် ထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်း ဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အဓမ္မပြုကျင့်မှု၊ လူကုန်ကူးမှုမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် သွေးထွက်သံယိုမှု၊ အသက်ဆုံးရှုံးမှု စသည်တို့ပါဝင်သည်။

 

ခေတ်မမီတော့သည့် ကျား၊ မ ဖြစ်မှုဆိုင်ရာစံနှုန်းများ၊ ဘက်လိုက်မှုများ၊ ထိရောက်မှု မရှိတော့သည့် ဥပဒေများ၊ မူဝါဒများနှင့် အားနည်းသောလူမှု အဖွဲ့အစည်းများသည် ကျား၊ မ ဖြစ်မှုတို့အပေါ်တွင်အခြေခံသည့် အကြမ်းဖက်မှု များကိုသက်ဆိုးရှည်စေပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် မတော်မတရားမှု တစ်ခုခုကြုံတွေ့ နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါစိန်ခေါ်မှုများသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး နှင့် သက်ဆိုင်နေပြီး မြန်မာနိုင်ငံအခြေအနေထက် ပိုမိုဆိုးရွားသည့် နိုင်ငံများစွာရှိနေသည်ကို လေ့လာကြည့်နိုင်သည်။

 

အဓမ္မကျူးလွန်မှုများ၊ အဓမ္မအကြမ်းဖက်မှုများမှာ လူ့အသိုက်အဝန်းတွင် အနည်းနှင့်အများ ရှိနေမည်ဖြစ်ရာ နည်းနိုင်သမျှနည်းပြီး ပပျောက်သွားရန်၊ လုံးဝအဆုံးသတ်သွားရန် အသိ အမြင်ပေး လှုပ်ရှားမှုများသာမက ကိုယ်ကျင့်တရား တည့်မတ်ခိုင်မာရေးဆိုင်ရာ ဘာသာတရား အဆုံးအမများကို လေးစားလိုက်နာရေးတို့ကိုလည်း ဝိုင်းဝန်းစည်းရုံးဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ ထို့အပြင် ဥပဒေပိုင်းဆိုင်ရာမှလည်း ထိရောက်စွာ ဆောင်ရွက်ပေးပြီး လူမှုအသိုက် အဝန်းမှလည်း ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးရ မည်ဖြစ်သည်။ မည်သည့် အကြမ်းဖက်မှုမဆို ဖြစ်စဉ်ဖြစ်ပွားရသည့် အဓိကအချက်သည် ဖြစ်ပွားနိုင်သည့်ပတ်ဝန်းကျင် အနေအထားဖြစ်သည်မှာ ထင်ရှား၍ ယင်းကို အားလုံးသတိထားရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ အမျိုးသမီးကြီး၊ ငယ်များ အပါအဝင်ဖြစ်သည့် အားနည်းသူ များအားလုံး ဥပဒေနှင့် မညီသည့် အကြမ်းဖက်အနိုင်ကျင့်ခံရမှုများမှ ကင်းဝေးရေးအတွက် ထိရောက်သည့်ဥပဒေ၊ တက်ကြွသည့်လူမှုလှုပ်ရှားမှု၊ နိုးကြားသည့်အသိစိတ်ဓာတ် ကိုယ်စီကြွယ်ဝရေးအတွက် သက်ဆိုင်ရာတို့နှင့် လူမှုအသိုင်းအဝိုင်းအားလုံးတို့က ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ