နေပြည်တော် ၁၂ ဇွန်
မြန်မာနိုင်ငံကို အဘက်ဘက်တွင် တိုးတက်လာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများဖြင့် ရုန်းကန်ကြိုးပမ်းနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ ယိုယွင်းနေသော အိမ်အိုကြီးကို ပြန်လည်တည့်မတ် ခိုင်မာလာအောင် ကြိုးပမ်းအားထုတ်ရသည်မှာ ချက်ချင်းလက်ငင်းတော့ မလွယ်ကူလှချေ။ သို့သော် အတတ်နိုင်ဆုံး အမြန်တည့်မတ် ခိုင်မာလာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမည်။
လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ၌ မိဘအနေဖြင့် သားသမီးအားလုံးတို့အပေါ်တွင် မိမိတို့တတ်နိုင်သမျှ အတတ်နိုင်ဆုံး မျှတစွာ ဖြည့်ဆည်းပေးခြင်းသည် အကောင်းဆုံးဖြစ်ပြီး လက်လှမ်းမမီ၍ မဖြည့်ဆည်း ပေးလိုက်နိုင်သော သားသမီးတို့ကိုလည်း ဝိုင်းဝန်းကူညီပေးမည့်သူတို့နှင့်ဆက်နွှယ်ကာ ပူးပေါင်းဖြည့်ဆည်းပေးသင့်သည်။ မြန်မာနိုင်ငံကဲ့သို့ စေတနာသဒ္ဒါတရား ထက်သန်သော တိုင်းပြည်အဖို့မူ စေတနာ့ဝန်ထမ်း ရိုင်းပင်းသူတို့အကူအညီဖြင့် လက်လှမ်းမမီသော အချို့အရေးတို့ကို ဆောင်ရွက်နိုင်ပေသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူတို့၏ လက်ငင်းလိုအပ်ချက်မှာ ဝမ်းရေးဖြစ်သော်လည်း လူမှုအသိုက်အဝန်း တစ်ခုလုံးအတွက်မူပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လုံခြုံရေးဟူသော အရေးငါးပါးမှာ အဓိကဖြစ်ပါသည်။ ထိုအရေးငါးပါး လိုအပ်နေသော နေရာဒေသများမှာ ဝေးလံခေါင်ဖျားသောဒေသများ ဖြစ်ပါသည်။ ဝေးလံခေါင်ဖျားသော ဒေသများမှာ နယ်စွန်နယ်ဖျားမှ တောင်တန်းဒေသများသာမက နိုင်ငံအတွင်းမှ ဝေးလံသော ဒေသများလည်း ပါဝင်ပါသည်။
မကြာသေးမီရက်ပိုင်းက မြန်မာပြည်မြောက်ပိုင်း ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများမှ တိုင်းရင်းသားကလေးငယ်များ ပညာသင်ကြားရေးအတွက် စေတနာတရား ထက်သန်သော ဆရာ ဆရာမ လေးများ သွားရောက်ကြသည်ကို ဝမ်းမြောက်ပီတိဖြစ်ဖွယ် ကြားသိရပါသည်။ အလားတူ ယမန်နေ့က ဝေးလံပြီး သွားလာရခက်ခဲသော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပါသည်
အထူးသဖြင့် ဝေးလံခေါင်သီသောဒေသများတွင် ပညာရေး၊ ကျန်းမာရေးမှာ အဓိကလိုအပ်ချက်များ ဖြစ်နေပါသည်။ ဆရာ ဆရာမများချို့တဲ့မှု၊ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်မှုကြောင့် ဒေသခံပြည်သူများအဖို့ မျှော်လင့်ချက်များ ကင်းမဲ့လျက်ရှိသည်။ စေတနာ့ဝန်ထမ်း၊ အမှုထမ်းများအနေဖြင့်လည်း နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သွားရေး၊ လာရေးနှင့် လုံခြုံရေးမှအစ လိုအပ်ချက်များစွာရှိနေရာ ဒေသနေ ပြည်သူများအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေကြသည်ကို ပြည့်စုံနေသော ပြည်သူများက နားလည်စာနာ အသိအမှတ်ပြုရမည်ဖြစ်သည်
ဝေးလံခေါင်သီသောဒေသများအတွက် ပညာရေး၊ ကျန်းမာရေး ဖြည့်ဆည်းပေးမှု အစီအစဉ်များသည် မြို့ပြနှင့်ကျေးလက် ကွာဟမှုမဖြစ်စေရေး၊ မျှတမှုရှိရေးကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။ လက်တွေ့တွင်လည်း ဖွံ့ဖြိုးရန်ရုန်းထနေဆဲ မြန်မာနိုင်ငံအဖို့ အဆိုပါကွက်လပ်များ နိုင်ငံအနှံ့တွင် များစွာရှိနေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကွက်လပ်များစွာဖြည့်နေရသဖြင့် လိုအပ်ချက်များကို စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိဘပြည်သူများပါ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ခြင်းဖြင့် တစ်ပြေးညီဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် တစ်မိသားစုတည်းမှ မိသားစုဝင်များပင်ဖြစ်၍ ပြည်ထောင်စုသားအားလုံး တစ်ပြေးညီဖွံ့ဖြိုးရေး၊ လိုအပ်ချက်များကို ကွာဟမှုနည်းပါးနိုင်သမျှ နည်းစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဖြည့်ဆည်းပေးမှုများအပြင် လိုအပ်သည့်ကွက်လပ်များကို တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးခြင်းဖြင့် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ကြေးမုံ