နွယ်နီလင်း

 

ကဘူးလ်မြို့ပြင်ရှိ ယာယီစခန်းတစ်ခု၏ ဖုန်ထူထူ မြေကွက်လပ်တစ်ခုပေါ်တွင် မကြာသေးမီက ပြန်လာခဲ့သည့် ဒုက္ခ သည်တစ်ဦးဖြစ်သူ  မီယာရ်ဟမ်ဇာက ၎င်းကို ဝိုင်းရံထားနေသည့် ကလေးငယ်များအား အာဖဂန်နစ္စတန်သို့ ပြန်လာခဲ့ပုံကို ဝမ်းမြောက်စွာပြောဆိုလျက်ရှိသည်။ သူ့ဇာတိမြေမှာ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းက နေရပ်ပြန်လာရေး စိတ်အားထက်သန်လာစေသည်ဟု ဆိုသည်။

 

“ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေမှာ နေ့ရောညပါ ဘာကြောက်ရွံ့မှုမှမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့အတွက် ပြောမပြတတ်အောင်ကို  ပျော်တယ် ဟု ပဋိပက္ခကြောင့် အီရန်တွင် နှစ်အတန် ကြာခိုလှုံခဲ့ရသည့် ဟမ်ဇာက ပြောသည်။

 

၎င်း၏မွေးရပ် ကွန်ဒက်ဇ်ပြည်နယ်သို့ ဆက်လက်မထွက်ခွာမီ ယာယီအခြေချ နေထိုင်နေသူ ဟမ်ဇာက  ၎င်း၏ဘဝ ပြန်လည်တည်ဆောက်ရန်အတွက် ပံ့ပိုးမှုများလိုအပ်ကြောင်းပြောကြားသည်။ “အိမ်ဆောက်ပြီး    ဘဝသစ်ပြန်စဖို့ အကူအညီတွေလိုတယ်”ဟု  ၎င်းက ဆိုသည်။

 

အကူအညီများလိုအပ်နေ

သို့သော်လည်း ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့မှုများက ၎င်း၏ ပြန်လည်ထူထောင်ရေးအိပ်မက်ကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။  “ကွန်ဒက်ဇ်မှာ အိမ်တစ်လုံးရှိပေမယ့်  စစ်ပွဲအတွင်းမှာ ပျက်စီးသွားတယ်။ အိမ်ဆောက်ဖို့ မြေနေရာလိုတယ်၊ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေလည်း  လိုအပ်တယ်”  ဟု ဆောင်းရာသီ  နီးကပ်လာမှုနှင့်အတူ နေရပ်ပြန်များအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ  လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားသည်။

 

ဆယ်စုနှစ်များစွာကြာ  စစ်ပွဲနှင့် ပြည်တွင်းပဋိပက္ခများကြောင့် သန်းနှင့် ချီသော အာဖဂန်လူမျိုးများသည် ၎င်းတို့ ၏ မွေးရပ်မြေမှ ထွက်ပြေးခဲ့ကြရပြီး အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်တို့တွင် ဒုက္ခသည်များအဖြစ်  ခိုလှုံခဲ့ရသည်။ ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်ဒုက္ခသည် ၁ ဒသမ ၈ သန်းခန့်မှာ   ၎င်းတို့၏ မွေးရပ်မြေသို့    ပြန်သွားကြောင်း အစီရင်ခံစာများက  ဖော်ပြသော်လည်း ခန့်မှန်းခြေအားဖြင့် အာဖဂန် ခုနစ်သန်း ခန့် ပြည်ပတွင် ကျန်ရှိနေသေးသည်။

 

 

တိုးတက်လာသော လုံခြုံရေး

အီရန်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး မကြာသေးမီက ပြန်လည်ရောက်ရှိလာသူ မိုဟာမက် ဂျန်နိုရီက အာဖဂန်နစ္စတန်တွင် တိုးတက်လာသောလုံခြုံရေးအတွက် ကျေနပ်ကြောင်း  ထုတ်ဖော်ပြောကြားသည်။ “လုံခြုံအေးချမ်းမှုက အရာရာပါပဲ၊ အာဖဂန်နစ္စတန်ဟာ အခုအချိန်မှာ စစ်ပွဲမရှိတော့ဘူး၊ ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်နေပြီ။  ဘဝကို  အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါပြီ။ ပြန်လာရတာ ပျော်ဖို့ ကောင်းပါတယ်” ဟု  နိုရီက ဆိုသည်။

 

“ဟေရတ်မြို့မှာ နယ်စပ်ဖြတ်ကျော်တုန်းက အာဖဂန်ဒေါ်လာ ၂၇၀၀၀ (အမေရိကန်ဒေါ်လာ ၄၀၀ လောက်) ပေးခဲ့ရတယ်။ ဒါပေမယ့် သယ်ယူပို့ဆောင်ရေးနဲ့ စားနပ်ရိက္ခာအတွက် စရိတ်တွေအကုန်ပေးပြီးတဲ့အထိ ကျွန်တော့်မှာ အာဖဂန်ငွေ ၇၀၀၀ (၁၀၃ ဒေါ်လာလောက်) ပဲ ကျန်တော့တယ်” ဟု ယာယီခိုလှုံရေးစခန်းရှိ ၎င်း၏တဲအပြင် ဘက်တွင် နိုရီက ဆိုသည်။

 

နေ့စဉ်ပြန်လည်ဝင်ရောက်

နေ့စဉ် ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် ၃၀၀ မှ ၃၅၀ ကြား နေရပ်သို့ ပြန်လည်ဝင်ရောက် လျက်ရှိကြောင်း၊ အစိုးရက အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ကာ ပြန်လည်ရောက်ရှိ လာသူများအား ငွေသားအကူအညီနှင့် ဆောင်းရာသီသုံးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူတာလစ် ဟတ်ခါနီ က ပြောကြားသည်။

 

တူကီယဲမှ ပြန်လာသည့် ဒုက္ခသည် ၁၀၀၀၀ ခန့်၊ ပါကစ္စတန်မှ နေရပ်ပြန်လာ သော ဒုက္ခသည် ၈၀၀၀၀ နှင့် ကျန် ၆၅၀၀၀၀ မှာ အီရန်မှ ပြန်လာသူများ ရှိကြောင်း၊ ပြီးခဲ့သော ခြောက်လအတွင်း အာဖဂန်ဒုက္ခသည် ၇၄၀၀၀၀ ခန့်သည် ၎င်းတို့၏ မွေးရပ်မြေ အာဖဂန်နစ္စတန်သို့ ပြန်လာခဲ့ကြောင်း ဟတ်ခါနီက ပြော ကြားသည်။

 

ဒုက္ခသည်တွေပြန်လာရန်တိုက်တွန်း

“နေရပ်ပြန်သူတွေကို ထားရှိဖို့အတွက် ပြည်နယ် ၂၈ ခုနဲ့ မြို့နယ် ၄၅ မြို့နယ်မှာ နေထိုင်စရာနေရာတွေ ထူထောင်ဖန်တီးပေးထားပါတယ်။ အဲဒီ မြို့နယ်တွေမှာ အိမ်တွေ၊ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေ ဆောက်လုပ် ပေးဖို့အတွက် အကူအညီပေးရေး အေဂျင်စီတွေကိုလည်း တောင်းဆိုထားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ အခုအချိန်မှာ ဘေးကင်းပြီး ငြိမ်းချမ်းနေတာကြောင့် နိုင်ငံရပ်ခြားရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာကြဖို့လည်း တိုက်တွန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။

 

အလားတူ အာဖဂန်အရာရှိများ၏ ဆက်ဆံရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်က ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ အစိုးရအဖွဲ့ဝင်ဟောင်း ၁၀၀၈ ဦးကို ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်ဟု ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ အာမက်ဒူလာ ဝါဆစ်က ပြောသည်။

 

ဝန်ကြီးများ၊ ဗိုလ်ချုပ်များ၊ အုပ်ချုပ် ရေးမှူးများနှင့် တပ်မှူးများအပါအဝင် အာဖဂန်အရာရှိများနှင့် ဆက်ဆံရေး ကော်မရှင်၏ ဆက်သွယ်မှုမှတစ်ဆင့် အဆင့်မြင့်အရာရှိဟောင်း ၁၀၀၈ ဦးခန့် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ နိုင်ငံတွင်းသို့ ပြန်လာသူအားလုံး ဘေးကင်းကြောင်းနှင့် ပြန်လည် ရောက်ရှိလာသူများကို နေရပ်ပြန် အသိအမှတ်ပြုကတ်ပြားများ ဖြန့်ဝေ ခဲ့ကြောင်း ဝါဆစ်က ဒေသတွင်း မီဒီယာ သို့ ပြောကြားသည်။

 

ဆက်ဆံရေးနှင့်နေရပ်ပြန်ပို့ရေးကော်မရှင်ကို ဖွဲ့စည်း

နိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ တွင် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အာဖဂန်လုံခြုံရေး တပ်ဖွဲ့များနှင့် အရပ်ဘက်ဝန်ထမ်း အများအပြား အာဖဂန်နစ္စတန်မှ ထွက်ခွာခဲ့သည်။ အာဖဂန်နစ္စတန်၏ အိမ်စောင့်အစိုးရ အဖွဲ့ အပြောင်းအလဲပြုလုပ်ပြီးနောက် ၎င်းတို့၏ မွေးရပ်မြေမှ ထွက်ခွာသွားသော အာဖဂန်နိုင်ငံသားများအား ကူညီ ရန်၂၀၂၂ ခုနှစ် ဧပြီလတွင် ဆက်ဆံရေး နှင့်နေရပ်ပြန်ပို့ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

 

အစိုးရအနေဖြင့် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးရန် အာဖဂန်အစိုးရက အခြေခံအဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများစွာကို ပြန်လည် ဖော်ဆောင်လျက်ရှိသည်။ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေသည့် အာဖဂန်နိုင်ငံသည် ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိလာခြင်းကြောင့် နိုင်ငံရပ်ခြားတွင် သွားရောက်ခိုလှုံနေကြရသည့် အာဖဂန် နိုင်ငံသားများအတွက် ၎င်းတို့၏ဇာတိမြေ၌  ပြန်လည်နေထိုင်နိုင်မည့် မျှော်လင့်ချက်ကို တွန်းအားပေးလျက် ရှိသည်။

 

ကိုးကား-ဆင်ဟွာ