၈ ဖေဖော်ဝါရီ
အာဖဂန်သတင်းသမားနှစ်ဦး အသတ်ခံရပြီးနောက် ၄၈ နာရီအတွင်း သံသယရှိသူ သုံးဦးကို ယမန်နေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
တက်ခ်ဟာ ပြည်နယ် အရှေ့မြောက်ပိုင်းတွင် တက်ခ်ဟာပြည်တွင်း အသံလွှင့်ဌာန၏ သတင်းသမား နှစ်ဦး သတ်မှုဖြင့်သံသယရှိသူ သုံးဦး ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
တက်ခ်ဟာပြည်နယ် အရှေ့မြောက်ပိုင်း ဟမ်ဆာဒါ အခြေစိုက်အသံလွှင့်ဌာန သတင်းသမား နှစ်ဦးသည် အင်္ဂါ နေ့ညပိုင်းက ၎င်းတို့၏ ရုံးခန်းအတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သံသယ ရှိသူ သုံးဦးကို သက်ဆိုင်ရာ ဌာနသို့လွှဲပြောင်းပေးခဲ့ပြီး မကြာမီ အမှုဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်၂၀၁၈ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် သတင်းသမား ၁၅ ဦးထက်မနည်းအသတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို