ကဘူးလ် ၂၅ ဖေဖော်ဝါရီ 

 

အာဖဂန်ပြည်တွင်းစစ်ပွဲမှာ ဆယ်စုနှစ် နှစ်ခုစာမျှ ကြာမြင့်လာပြီဖြစ်ပြီး စစ်ပွဲအတွင်း အရပ်သားများသေဆုံးမှုမှာ ၂၀၁၈ ခုနှစ်က အများဆုံးဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာအရ သိရသည်။ အရပ်သားသေဆုံးမှုမှာ ၂၀၁၇ ခုနှစ်ကထက်စာလျှင် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အရပ်သား ၃၈၀၄ ဦး အသတ်ခံရပြီး ၇၁၈၉ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

 

စစ်ပွဲဖြစ်ပွားရာ တိုင်းပြည်နေရာအနှံ့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့်လည်း အခြေအနေများ ကမောက်ကမဖြစ်ပွားရသည်။ အမေရိကန်နှင့်တာလီဘန်တို့ ဒုတိယအကျော့ ဆွေးနွေးပွဲမစတင်မီ တစ်ရက်အလိုတွင် ယင်းသို့အစီရင်ခံစာထွက် ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်-တာလီဘန်ဆွေးနွေးပွဲမှ ကာလရှည်ကြာပဋိပက္ခကို အဆုံးသတ်နိုင်ရေး မျှော်လင့်လျက်ရှိကြသည်။ တစ်ချိန်တည်းမှာပင် အာဖဂန်နိုင်ငံ အတွင်းမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းသွားလျှင် ပြည်တွင်းစစ်ပွဲအတွင်း အခြေအနေများ ပိုမိုဆိုးရွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းများစွာကြာမှ ဒိုဟာမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေး နေကြခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်ဆယ်စုနှစ်ကာလအတွင်း အချက်အလက်များစတင်ကောက်ခံသည့် အချိန်မှစ၍ အရပ်သားပေါင်း ၃၂၀ဝဝ ခန့် သေဆုံးခဲ့ပြီး ၆၀ဝဝဝ ခန့်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာအရ သိရသည်။ ၂၀၁၈ ခုနှစ်အတွင်းအရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ များလာခြင်းကြောင့်လည်း သေဆုံးသူဦးရေများ လာခြင်းဖြစ်ကြောင်း တာလီဘန် သို့မဟုတ် အိုင်အက်စ်အဖွဲ့တို့နှင့် ဆက်စပ်နေသည့် အကြမ်းဖက်သမားများက အသေခံဗုံးခွဲမှုများ ဆက်တိုက်ကျူးလွန်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုအချိန်သည် လူသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများကို အဆုံးသတ်ရတော့မည့်အချိန်ဖြစ်ကြောင်း အာဖဂန်နိုင်ငံဆိုင်ရာကုလအဖွဲ့ ခေါင်းဆောင် တာဒါမီချီ ယာမာမိုတိုက ပြောသည်။ 

 

အေအက်ဖ်ပီ