၅ ဩဂုတ်

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဖာရတ်ပြည်နယ် အာဘတ်ခရိုင်ရှိ တာလီဘန်တို့စုဝေးရာနေရာကို လေကြောင်းတိုက်ခိုက်မှုများ ယမန်နေ့က ဖြစ်ပွားခဲ့ရာ စစ်သွေးကြွလေးဦးသေဆုံးကြောင်း မြောက်ပိုင်းဒေသ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဟာနစ် ရီဇေက ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

 

တည်ငြိမ်မှုမရှိသော အာဘတ်ခရိုင် ရှာရှ်ပါဒေသတွင် တာလီဘန်သူပုန်အုပ်စုများသည် လုံခြုံရေးဂိတ်များကို တိုက်ခိုက်ရန် ယမန်နေ့က စုဝေးခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့များသည် စစ်သွေးကြွများစုဝေးရာနေရာကို ယမန်နေ့မွန်းလွဲပိုင်းက ကြိုတင်ထိုးစစ်ဆင်ကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွလေးဦးသေဆုံးခဲ့ပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မိုဟာမက်ဟာနစ်ရီဇေက အခိုင်အမာပြောကြားခဲ့သည်။

 

ဖာရတ်ပြည်နယ်ရှိ စိုက်ပျိုးရေးထုတ်ကုန်များမှ အခွန်အကောက်တာဝန်ခံဖြစ်သူ တာလီဘန်ဒေသခံတပ်မှူး မော်လဝီရှာဖီသည်လည်း ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် ပါဝင်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများဘက်ကမူ မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို