၂၂ ဇွန်

အာဖဂန်လုံခြုံရေးတပ်သား အနည်းဆုံး ၂၉၁ ဦးကို တာလီဘန်တို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သတ်ဖြတ်ခဲ့ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဒီနေ့(တနင်္လာနေ့) မှာ ပြောကြားလိုက်ပါတယ်။

 

တာလီဘန်တွေက ပြည်နယ် ၃၂ ခုမှာ တိုက်ခိုက်မှုပေါင်း ၄၂၂ ခုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြုလုပ်ရာ လုံခြုံရေးတပ်သား ၂၉၁ ဦး သေဆုံးပြီး ၅၅၀ ဦးဒဏ်ရာရရှိကြောင်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရသူ ဖေဆယ် က ပြောပါတယ်။  ၁၉ နှစ်ကြာတဲ့ ပဋိ ပက္ခအတွင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က အဆိုးရွားဆုံးတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

 

အာဖဂန်နိုင်ငံတွင်းက တာလီဘန်ပြောခွင့်ရသူကတော့ ရန်သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်အောင်လုပ်နေတယ်။ သတင်းမှားတွေကို ထုတ်ပြန်နေခြင်းအားဖြင့် ဆွေးနွေးပွဲကို ထိခိုက်နိုင်ကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တိုက်ခိုက်မှုထက် ခုခံကာကွယ်ရေးကိုသာ လုပ်ခဲ့ရကြောင်း ပြောပါတယ်။

 

နှစ်ပေါင်း ၂၀ နီးပါးကြာ နေတဲ့ ပဋိပက္ခတွေကို ပြီးဆုံးရန်အတွက် တာလီဘန်အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဟာ အဓိက အချက်ဖြစ်တဲ့အတွက် အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အာဖဂန်သမ္မတက ဆုံးဖြတ်ထားပါတယ်။

 

တာလီဘန် အကျဉ်းသား ၃,၀၀၀ နီးပါးကို လွှတ်ပြီးဖြစ်ကြောင်း နောက်ထပ် အကျဉ်းသား ၂,၀၀၀ ကိုလည်း လွှတ်ပေးဖို့ အစီစဉ်ရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

တာလီဘန်တွေကတော့ ကျန်တဲ့ အကျဉ်းသား ၂,၀၀၀ ကို လွှတ်ပေးပြီးမှသာ  ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ပြောပါတယ်။

MDN

ကိုးကား - AFP