အာဖဂန်မြို့တော် ကဘူးလ်၌ အသေခံဗုံးခွဲမှုကြောင့်  ဗုံးခွဲသူအပါအဝင် ခုနစ်ဦးသေဆုံး

 

 

ကဘူးလ်၊ မတ် ၂၈

 

အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနအနီး၌ မတ် ၂၇ ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တာလီဘန်တို့က အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရကို ဖြုတ်ချကာ အာဏာပြန်လည် ရယူခဲ့ပြီးနောက် လုံခြုံရေး သိသိသာသာ တိုးတက်လာခဲ့သော်လည်း အိုင်အက်စ်အဖွဲ့၏ ခြိမ်းခြောက် မှုမှာလည်း ပိုမိုတိုးလာခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဦးတည်သည့်လမ်း၌ မာလစ်ခ် အက်ဂါဒေသရှိ စစ်ဆေးရေးဂိတ် တစ်ခုသို့ ချဉ်းကပ်လာသော အသေခံဗုံးခွဲသမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ဖော်ထုတ်ကာ ပစ်ခတ်ခဲ့သော်လည်း ၎င်း၏ ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲမှုကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး လုံခြုံရေးဝန်ထမ်းသုံးဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာဒရန်က ဆင်ဟွာသို့ ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့မှ တာဝန်ရှိကြောင်း ထုတ်ဖော်ဝန်ခံ ပြောဆိုထားခြင်း မရှိသေးပေ။

 

အေအက်ဖ်ပီ၊ ဆင်ဟွာ