၁ စက်တင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပက်တီရာပြည်နယ် ဂါဒက်ဇ်မြို့တော်ရှိ ရဲစခန်း အပြင်ဘက်တွင် ယနေ့ ပစ်ခတ်မှုနှင့် အသေခံ ကားဗုံးဖောက်ခွဲမှုတို့ ဖြစ်ပွားသဖြင့် တိုက်ခိုက်သူ သုံးဦးနှင့် အာဖဂန်ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့သည်။
ယနေ့မနက်အစော ၅ နာရီ ၃၀ မိနစ်ခန့်က ဂါဒက်ဇ်ရှိ ပြည်သူ့ကာကွယ်ရေးရဲစခန်း အပြင်ဘက်ရှိ မော်တော်ကားတစ်စီးကို ရန်သူတစ်ဦးက ကားဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။
ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သေနတ်သမား နှစ်ဦးက ရဲစခန်းအတွင်း ဝင်ရောက်ရန် ကြိုးစားသော်လည်း ရဲစခန်းဂိတ်ပေါက်ရှိ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို ပစ်သတ်ခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ဟယ်လင်မ် ဖီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ရဲစခန်းဂိတ်ရှေ့ရှိ အဆောက်အဦများလည်း ပျက်စီးခဲ့သည်။
၎င်းဒဏ်ရာရရှိသူများကို ကဘူးလ်မြို့တော်တောင်ဘက် ၁၀ဝ ကီလိုမီတာအကွာ ယင်းဒေသရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။
ထိုကားဗုံး ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး အချက်အလက်များ ရှာဖွေကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် အသေးစိတ် အချက်အလက်များကို နောက်ပိုင်းတွင် လူသိရှင်ကြား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို