ကဘူးလ် နိုဝင်ဘာ ၄
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ရှိ စစ်ဆေးရုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း ရုပ်မြင်သံကြားတစ်ခုတွင် ဖော်ပြခဲ့သည်။
စစ်ဆေးရုံခုတင်-၄၀၀ ကို အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းတီဗွီတွင် ဖော်ပြခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်သူ တစ်ဦးလည်း သေဆုံးခဲ့ပြီး ဆေးရုံအတွင်းရှိ နောက်ထပ် အကြမ်းဖက်သမားတစ်ဦးကို ရှင်းလင်းသုတ်သင်မှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မီဒီယာတွင် ဖော်ပြသည်။ ဗုံးပေါက်ကွဲမှုသည် စစ်ဆေးရုံအနီးတွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီးနောက် သေနတ် ပစ်ခတ်မှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွာရီယက်ဘော့စ်က ပြောသည်။
အဆိုပါဆေးရုံသည် အာဖဂန်နစ္စတန် နိုင်ငံတွင် အဓိကစစ်ဆေးရုံတစ်ခုဖြစ်ပြီး စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာ ကုသမှုပေးလျက်ရှိသည်။
တကယ်သေဆုံးသည့် အရေအတွက်သည် မီဒီယာက ဖော်ပြထားသည်ထက် ပိုမိုများနိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်း မသိရသေးချေ။ သို့သော်လည်း ယခင်က အဆိုပါတိုက်ခိုက်မှုမျိုးကို အိုင်အက်စ်အဖွဲ့က လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။
ဆင်ဟွာ