၃ ဇန်နဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ ဘက်လန်းပြည်နယ်မြောက်ပိုင်း ဆာဖာဗာကရား လုံခြုံရေးဂိတ်ကို ရာချီရှိသော တာလီဘန် စစ်သွေးကြွများ စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူ ဆပ်ဒါ မို့စီနိ က ယနေ့ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်သွေးကြွများ အများအပြားသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာရ စစ်သွေးကြွများကို ပြန်သယ်ဆောင်သွားသဖြင့် အရေအတွက် အတိအကျ မသိရှိရသေးကြောင်း၊ စစ်သွေးကြွများသည် လုံခြုံရေးဂိတ်ကို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်များ အားလုံးယူဆောင်သွားခဲ့သည်ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ ပြည်နယ်သည် ကဘူးလ်မြို့တော် မြောက်ပိုင်း ၁၆၀ ကီလိုမီတာ အကွာတွင်ရှိပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် တာလီဘန် စစ်သွေးကြွများအကြား ကာလရှည်ကြာတိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း၊ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များမှ လုံခြုံရေးတာဝန်အပြည့်အဝ ယူခဲ့သည့် ၂၀၁၅ ခုနှစ် အစပိုင်းကတည်းက အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ ဒဏ်ရာရ သတ်ဖြတ်ခံရသူ များပြားလာကြောင်း သိရသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ကန်ဒါဟာ ပြည်နယ်တောင်ပိုင်းတွင် တပ်စခန်းချထားသည့် စစ်တပ်ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သားငါးဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း ဖော်ပြထားသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို