တိုကျို ၂၀ မေ
အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံက အကူအညီပေးသွားရန် အသင့်ရှိကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာ ဟူဒင်ရာဘာနီအား ပြောကြားခဲ့သည်ကို အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ယမန်နေ့တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် လက်ရှိတွင် ဂျပန်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တာဂျီကစ္စတန်သို့ ရောက်ရှိနေသည်။ အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာဟူဒင်ရာဘာနီကိုလည်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်ထားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အကူအညီပေးရန် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာ ဟူဒင်ရာဘာနီနှင့် တစ်ဦးချင်း သီးသန့်အစည်းအဝေးတွင် ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောကြားခဲ့သည်။
တာလီဘန်နှင့် အိုင်အက်စ်စစ်သွေးကြွအုပ်စုအပါအဝင် အစိုးရဆန့်ကျင်သော အဖွဲ့များက လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဆိုးရွားလျက်ရှိသော လုံခြုံရေးကို ပြန်လည်တည်ဆောက်ရန်နှင့် နှစ်ကြိမ်တိုင်တိုင် ရပ်ဆိုင်းထားခဲ့သော သမ္မတရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန်လည်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အာဖဂန်အစိုးရအား တောင်းဆိုထားခဲ့သည်။
အာဖဂန်နစ္စတန် အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သမ္မတရွေးကောက်ပွဲတစ်ရပ်ကျင်းပခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရာဘာနီက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ